အဆင့်အတန်းနိမ့်ကျတဲ့သူတွေရဲ့ အကျင့်လက္ခဏာများ
လောကမှာ လူတိုင်းက လူကောင်းတွေ မဟုတ်ကြပါဘူး။ လူကောင်းဟုတ်မဟုတ်ဆိုတာကိုလည် သူတို့ရဲ့ စိတ်နေစိတ်ထား၊ စိတ်ဓာတ်ရေးရာကို ကြည့်ရင် သိနိုင်ပါတယ်။
အခုဖော်ပြပေးမယ့် အရာလေးတွေကတော့ စိတ်ဓာတ် အဆင့်အတန်းနိမ့်ကျတဲ့သူတွေရဲ့ အကျင့်လက္ခဏာတွေပဲဖြစ်ပါတယ်။ သင်ကိုယ်တိုင်လည်း ဒီလိုထဲမှာ မပါဖို့ အရမ်းကို အရေးကြီးပါတယ်။
ဂုဏ်မောက်ခြင်း
စိတ်ဓာတ်အဆင့်အတန်း နိမ့်တဲ့သူတွေဟာ သူတို့ရဲ့ အားသာချက်တွေ၊ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ၊ ပညာတွေကို အမြဲတမ်း ဂုဏ်မောက်တတ်ကြပါတယ်။ မပြည့်တဲ့အိုး ဘောင်ဘင်ခတ် သလိုပါပဲ။
သူတို့ရဲ့ အားသာချက်တွေဟာ သူတစ်ပါးကို အနိုင်ယူဖို့၊ သူတစ်ပါးကို နှိမ်ဖို့နဲ့ သူတစ်ပါးကို တိုက်ခိုက်ဖို့အတွက်ပဲ အသုံးပြုကြပါတယ်။ ဒါကြောင့် သူတို့ဟာ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ဘယ်လောက်ပဲ ပညာတတ်တတ် သူတစ်ပါးအတွက် အသုံးမဝင်တဲ့ ဘဝင်ရူးတွေသာ ဖြစ်ကြပါတယ်။
ယှဉ်ပြိုင်ခြင်း
စိတ်ဓာတ်အဆင့်အတန်း နိမ့်ကျသူတွေဟာ ကိုယ့်ကိုယ်ကို ယှဉ်ပြိုင်ရမယ့်အစား သူတစ်ပါးကို ယှဉ်ပြိုင်တတ်ကြပါတယ်။ သူတစ်ပါးက သူတို့ထက် သာသွားရင် မအိပ်နိုင်၊မစားနိုင်တွေဖြစ်ပြီး ဘယ်လို အနိုင်ယူရမလဲဆိုတာကိုသာ အမြဲတမ်း တွေးတောနေလေ့ရှိပါတယ်။
သူတစ်ပါးရဲ့ ပိုင်ဆိုင်မှု၊ ဂုဏ်တွေကို အထူးအလေးထားကြပြီး အမြဲတမ်း ယှဉ်ပြိုင်တတ်ကြသလို မနာလိုစိတ်လည်း အရမ်းကို ကြီးကြပါတယ်။
အပုပ်ချခြင်း
သူတို့ဟာ သူတို့ထက်သာတဲ့သူတွေ၊ သူတို့မနာလိုတဲ့သူတွေရဲ့ သတင်းကို မဟုတ်မမှန် အပုပ်ချတတ်ကြပါတယ်။ သူတို့ပြောတဲ့စကား တော်တော်များများဟာ သူတစ်ပါးရဲ့ မကောင်းကြောင်း၊ အပုပ်သတင်းတွေနဲ့ လှောင်ပြောင်တဲ့ စကားတွေသာ များပါတယ်။
တစ်နေကုန် အကျိုးမရှိတဲ့ စကားတွေနဲ့ အချိန်ဖြုန်းနေရလည်း အချိန်ကို နှမြောရကောင်းမှန်း မသိတဲ့သူတွေ ဖြစ်တယ်။ ဒီလိုလူတွေဟာ စိတ်ဓာတ်အဆင့်အတန်း နိမ့်ကျတဲ့သူတွေ ဖြစ်တယ်။
အလိုက်မသိခြင်း
အလိုက်မသိတာလည်း စိတ်ဓာတ်အဆင့်အတန်း နိမ့်ကျခြင်းတစ်မျိုးဖြစ်တယ်။ ဘာကြောင့်လဲ ဆိုရင် သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာတွေ၊ သူတစ်ပါးရဲ့ လျှို့ဝှက်ချက်တွေ၊ သူတစ်ပါးပြောဖို့ အခက်အခဲရှိတဲ့အကြောင်းအရာတွေကို အတင်းမေးတာ၊ သူတစ်ပါး မပေးချင်တဲ့ ပစ္စည်းတွေကို အတင်းတောင်းတာ၊ သူတစ်ပါး နားမထောင်ချင်တဲ့ အရာကို အတင်းသွားပြောတာ အဲဒါတွေအားလုံးဟာ စိတ်ဓာတ်အဆင့်အတန်း နိမ့်ကျကြောင်း ပြနေတဲ့ လက္ခဏာတွေပါပဲ။
သူတစ်ပါးရဲ့အရှုံးကို လှောင်ပြောင်သရော်တတ်ခြင်း
စိတ်ဓာတ်နိမ့်ကျတဲ့ သူတွေဟာ သူတစ်ပါးရဲ့ အားနည်းချက်၊ သူတစ်ပါးရဲ့ အရှုံးတွေကို သနားကိုယ်ချင်းစာရမယ့်အစား လှောင်ပြောင်ရယ်မောပြီး ကဲ့ရဲ့ တတ်ကြတဲ့သူတွေဖြစ်ပါတယ်။
ဒီလိုလူတွေဟာ ကိုယ်ကိုယ်တိုင်က ဘာမှမဟုတ်ပေမယ့် သူတစ်ပါးအပြစ်ကိုမြင်ပြီး သူတစ်ပါးကို ကဲ့ရဲ့ဝေဖန်ရာမှာ တအားကို ကျွမ်းကျင်ကြပါတယ်။ ဒါကြောင့်သူတို့ကို စိတ်ရင်းအမှန်နဲ့ ပေါင်းတဲ့သူ မရှိတတ်ကြပါဘူး။
Credit: Shwemon