×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Thursday, 15 August 2019

ပညာရေး အက်ပ်ဖြင့် ဘီလျံနာ ဖြစ်သွားတဲ့ ကျောင်းဆရာဟောင်း

ပညာရေး အက်ပ်ဖြင့် ဘီလျံနာ ဖြစ်သွားတဲ့ ကျောင်းဆရာဟောင်း google.com

အိန္ဒိယနိုင်ငံမှ ကျောင်းဆရာဟောင်းတစ်ဦးသည် ပညာရေးအက်ပ်တစ်ခုကို ဖန်တီးထုတ်လုပ်ခဲ့ပြီး ၎င်းအက်ပ်တန်ဖိုးသည် ၇ နှစ်တာအတွင်း အမေရိကန်ဒေါ်လာ ၆ ဘီလျံနီးပါးသို့ ရောက်ရှိသွားခဲ့သညိ။


ကျောင်းဆရာအမည်မှာ ဘိုင်ဂျူ (Byju Raveendran) ဖြစ်ပြီး သူလုပ်ကိုင်လျက်ရှိသည့် Think & Learn Pvt ကုမ္ပဏီသည် ၂၀၁၉ ခုနှစ် အစောပိုင်းတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၁၅၀ ရရှိခဲ့သည်။

ထို့အတွက် အစုရှယ်ယာဝေစု သတ်မှတ်ခဲ့ရာ၌ ပညာရေးအက်ပ်၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅ ဒသမ ၇ ဘီလျံဟု သတ်မှတ်ခံရသည်။

ထူထောင်သူ ဘိုင်ဂျူက အစုရှယ်ယာ ဝေစု ၂၁ ရာခိုင်နှုန်းဝန်းကျင် ဆက်လက်ပိုင်ဆိုင်ထားမည် ဖြစ်သည်။ 
အဆိုပါ ပညာရေးအက်ပ်ကို သူ့အမည်ကို အစွဲပြုပြီး Byju’s app ဟု အမည်တွင်သည်။

အမေရိကန်နိုင်ငံမှ ကာတွန်းရုပ်ရှင်များ အဓိကအားဖြင့် ထုတ်လုပ်သည့် Walt Disney Co က ဘိုင်ဂျူအက်ပ်အပေါ် စိတ်ဝင်စားသဖြင့် အမေရိကန်နိုင်ငံတွင် ၂၀၂၀ ခုနှစ်မှစ၍ ၀န်ဆောင်မှုများ လုပ်ကိုင်ရန် လက်တွဲလိုက်သည်နှင့် တိုက်ဆိုင်နေသည်။ 

အသက် ၃၇ နှစ် ရှိပြီဖြစ်သော ကျောင်းဆရာဟောင်း လုပ်ငန်းရှင်သည် မိခင်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ၏ ပညာရေးအတွက်လည်း လုပ်ဆောင်ပေးလိုပြီး ဒစ္စနေ၏ နာမည်ကျော် ကြွက်ဇာတ်ကောင်များဖြင့် လုပ်ကိုင်သွားမည်ဟု ဆိုသည်။

ဒစ္စနေက The Lion King မှ ဇာတ်ရုပ်ဖြစ်သော Simba နှင့်တကွ အခြားနာမည်ကျော် ဇာတ်ရုပ်များဖြင့် သင်္ချာနှင့် အင်္ဂလိပ်စာတို့ကို ကျောင်းသူကျောင်းသားတို့အား သင်ပြပေးရန် ရည်ရွယ်ချက် ထားရှိသည်။

ပထမတန်းမှာ တတိယတန်းအထိ ပညာရေးကို အဓိကအားဖြင့် လုပ်ဆောင်သွားမည်ဟု ဆိုသည်။ အက်ပ်နှင့်အတူ ရုပ်ပြဗီဒီယိုများ၊ ဂိမ်းများ၊ ပဟေဠိများ၊ ပုံပြင်များကိုလည်း ဖန်တီးသွားမည် ဖြစ်သည်။ 


အိန္ဒိယနိုင်ငံသည် ကြွယ်ဝမှု အကြီးအကျယ် ဖန်တီးသည့် ကာလကို ဖြတ်သန်းနေသည်။ အခြားတစ်ဖက်၌ ပျက်စီးဆုံးရှုံးမှုများလည်း ရှိနေပြန်သည်။

ကိုယ်ထူကိုယ်ထ ကိုယ့်ဒူးကိုယ်ချွန် လုပ်ကိုင်သော လုပ်ငန်းများ မျိုးဆက်တစ်ခု ပေါ်ပေါက်နေပြီး အောင်မြင်သူများသည် အမေရိကန်ဒေါ်လာ သန်းချီပြီး ချမ်းသာသည့် အဖြစ်သို့ ရောက်ရှိသွားကြသည်။ ဘိုင်ဂျူသည်လည်း ထိုအထဲမှ တစ်ယောက်ဖြစ်ပြီး အင်တာနက် ပညာရေးကို စွန့်စားလုပ်ကိုင်ခဲ့သူ ဖြစ်သည်။ 

စမတ်ဖုန်းများ ဈေးသက်သက်သာသာဖြင့် ၀ယ်ယူရရှိနိုင်ခြင်းနှင့်အတူ အင်တာနက် သုံးစွဲမှု ရုတ်ချည်း တိုးများနေပြီး အင်တာနက်ဖိုးကို အထူးလျှော့ဈေးများဖြင့် အပြိုင်အဆိုင် ရောင်းချနေကြခြင်းကြောင့် အင်တာနက် ပညာရေးကဏ္ဍသည် ကြီးထွားလာခဲ့သည်။ အွန်လိုင်း ပညာရေး ဈေးကွက်သည် ၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆ ဘီင်္လျံဝန်းကျင် ရှိမည်ဟု ခန့်မှန်းထားသည်။ 


မူလတန်းမှာ ၁၂ တန်းအထိ ပညာရေးကို နည်းပညာမှတစ်ဆင့် လေ့လာသင်ယူခြင်းသည် အွန်လိုင်း ပညာရေးဈေးကွက်တွင် ကြီးထွားနှုန်း အမြန်ဆုံး အပိုင်းအကန့် ဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် ရုံးသုံးဘာသာစကားမှာ အင်္ဂလိပ်စာ ဖြစ်နေသည့် အားသာချက်က ပညာရေးအက်ပ် လုပ်ကိုင်သည့် ပွင့်သစ်စလုပ်ငန်းသစ်များအတွက် လုပ်ကိုင်ရန် လွယ်ကူနေစေသည်။ 

အွန်လိုင်း ပညာရေးဈေးကွက် ကြီးထွားလာခြင်းနှင့်အတူ ဘိုင်ဂျူ၏ ကြွယ်ဝမှုသည်လည်း ဒီရေအလား တိုးပွားလာခဲ့သည်။ ၂၀၂၀ ခုနှစ် မတ်လကုန် ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်တွင် တစ်နှစ်တာ ၀င်ငွေသည် အမေရိကန်ဒေါ်လာ သန်း ၄၂၀ ကျော် ရှိမည်ဟု ခန့်မှန်းထားသည်။ 

ဤသို့ ကြီးထွားနှုန်း မြန်ဆန်သဖြင့် ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်လိုသူ အကြီးစားများက ဘိုင်ဂျူအက်ပ်တွင် ငွေထည့်ဝင်ရန် မျက်စိကျကြသည်။ Naspers Ventures ,Tencent Holdings , Sequoia Capital အစရှိသည်တို့ အပြင် Facebook ထူထောင်သူ Mark Zuckerberg နှင့် ၎င်း၏ ဇနီးဖြစ်သူ် Priscilla Chan တို့လည်း ပါဝင်သည်။ 

ဘိုင်ဂျူအက်ပ်ကို ထူထောင်သူ ဘိုင်ဂျူသည် အိန္ဒိယနိုင်ငံ တောင်ပိုင်းကမ်းခြေအနီးရှိ ကျေးတောရွာ၌ မွေးဖွားခဲ့သူဖြစ်သည်။

မိဘနှစ်ပါးစလုံးသည် ကျောင်းဆရာဆရာမများ ဖြစ်ကြသည်။ သူက စာသင်ဖို့ တွန့်ဆုတ်သည့် ကျောင်းသားတစ်ဦး ဖြစ်ခဲ့သည်။

ဟောကီ ကစားရန် အားသန်သည်။ ဘောလုံးပွဲများလည်း ကြည့်ဖြစ်သည်။ ကျောင်းမတက်လိုသဖြင့် အိမ်မှာ စာသင်သည်။

အင်ဂျင်နီယာတစ်ဦး ဖြစ်လာခဲ့ပြီး အိန္ဒိယနိုင်ငံမှ ထိပ်တန်း အင်ဂျင်နီယာ ကျောင်းများနှင့် စီမံခန့်ခွဲမှုကျောင်းများ ၀င်ခွင့်စာမေးပွဲ ဖြေဆိုသူများကို ကူညီပေးသည့်အနေဖြင့် စာသင်ပေးခဲ့သည်။

သူငယ်ချင်း အပေါင်းအသင်းများကို သင်ကြားပေးခဲ့ရာမှာ သူ စာသင်ပေးသည့်ဆီသို့ တက်ရောက်လိုသူ များပြားလာခဲ့ရာ သာမန် စာသင်ခန်းဖြင့် မဆန့်တော့သဖြင့် လူထောင်ချီဆန့်သော အားကစားရုံများတွင် သင်ပြပေးခဲ့ရသည်။ ထင်ရှားကျော်ကြားသော ကျောင်းဆရာတစ်ဦးအဖြစ်သို့ ရောက်ရှိသွားသည်။ နေထိုင်ရာ မြို့တွင်သာမက အခြားမြို့များသို့ပါ သွားရောက်သင်ပြပေးခဲ့ရသည်။ 


Think & Learn Pvt ကုမ္ပဏီကို ၂၀၁၁ ခုနှစ်တွင် သူ စတင်ထူထောင်သည်။ အွန်လိုင်းမှ သင်ခန်းစာများ ပို့ချပေးသည်။

၂၀၁၅ ခုနှစ်တွင် အဓိကအက်ပ်ကို စတင်ခဲ့သည်။ signed up လုပ်သူ ၃၅ သန်းကျော် ရှိလာခဲ့ပြီး ရူပီ တစ်သောင်းမှ တစ်သောင်းနှစ်ထောင်အထိ ရှိသော နှစ်စဉ်ကြေး ပေးသွင်းပြီး သုံးစွဲသူ ဦးရေ ၂ ဒသမ ၄ သန်းခန့် ရှိသည်။ သို့ဖြစ်ရာ ၂၀၁၉ ခုနှစ် ဘဏ္ဍာရေး နှစ်ကုန်ဆုံးချိန် မတ်လကုန်၌ သူ့လုပ်ငန်းသည် အမြတ်ရသည့်အဖြစ်သို့ ရောက်ရှိခဲ့သည်။

ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ကြခြင်းများလည်း ရှိလာသည်။ 
လက်ရှိအနေအထားတွင် ဘိုင်ဂျူ၊ ၎င်း၏ ဇနီးနှင့် ညီတို့က ကုမ္ပဏီရှယ်ယာ ၃၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။ 

Disney က Byju’s နှင့် ပူးပေါင်းပြီး လုပ်ကိုင်မည့် အစီအစဉ်သည် အမေရိကန်နှင့် ဗြိတိန်တို့မှ သင်ရိုးကို အခြေပြုထားသည်။

ဇာတ်လမ်းခင်းပြီး ပြောပြပေးသည့်ပုံစံဖြင့် သင်ပြပေးမည် ဖြစ်သည်။

ဥပမာအားဖြင့် ပုံသဏ္ဌာန်များကို သင်ပြသည့်အခါ ဒစ္စနေ၏ Cars ရုပ်ရှင်ကားမှ ဇာတ်ရုပ်ဖြစ်သည့် ကားများကို အသုံးပြုပြီး ဇာတ်လမ်းခင်းကာ သင်ပြမည် ဖြစ်သည်။

တာယာ၊ ဘေဘုတ်၊ လမ်းပေါ်ချထားသည့် သတိပေး ကတော့ချွန် အစရှိသည်တို့ဖြင့် ကားများက သက်ဝင်လှုပ်ရှားပြီး ပြောပြပေးသွားမည် ဖြစ်သည်။  အဆိုပါ ပညာရေးအက်ပ်ကို Disney Byju’s app ဟု အမည်ပေးထားသည်။

 

  
Source: Bloomberg

sayar.com.mm

Read times
Rate this articles
(0 votes)