×

Warning

JUser: :_load: Unable to load user with ID: 723


Lifestyle

Monday, 04 June 2018

သင့်အကြောင်း ရုပ်ရှင်ရိုက်ကြည့်စမ်းပါ

သင့်အကြောင်း ရုပ်ရှင်ရိုက်ကြည့်စမ်းပါ google.com

တစ်ရက်မှာ သင်ဟာ သင်မွေးဖွားလာချိန်ကနေ အခုအသက်ကြီးလာတဲ့အထိ (အိုမင်းလာချိန်အထိ) သင့်ဘဝဖြစ်စဉ်ကို ရုပ်ရှင်ရိုက်ကူးလိုက်တယ်။ ပြီးတော့ သူငယ်ချင်း အိမ်နီးချင်းမိတ်ဆွေတွေကို အိမ်မှာ ညစာဖိတ်ကျွေးပြီး သင်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကို သင်နဲ့ အားလုံးအတူတူ ကြည့်ကြတယ်။

ရုပ်ရှင်ကားကို ကြည့်ရင်းနဲ့ သူတို့ရဲ့ တုံ့ပြန်မှုတွေကို အကဲခတ်ကြည့်လိုက်စမ်းပါ။ ဒါမျိုးတွေ ဖြစ်ပါလိမ့်မယ်။ 'ဟာ ရုပ်ရှင်ကားကလည်း ပျင်းစရာ ကောင်းလိုက်တာ၊ အိပ်တောင် အိပ်ချင်လာပြီ''ဟာ သူကျရှုံးမှုတွေကို အရှုံမပေးဘဲ ဆက်လက်ကြိုးစားသွားလို့ အောင်မြင်သွားတာ အားကျစရာ ကောင်းလိုက်တာ၊ 'တုံးလိုက်တဲ့ကောင်ကွာ၊ ဒီလောက်အခွင့်အလမ်းတွေ တွေ့နေလျက်နဲ့ မယူတတ်ဘူး''မိဘတွေက ပညာသင်ပေးပါလျက် ပညာကို ကြိုးစား မသင်တော့ ကြီးလာတော့ ဒုက္ခရောက်တာပေါ့' 'မိသားစုအပေါ် အကြင်နာမထားတတ်တဲ့ကောင် ဒုက္ခလှလှကြီး တွေ့နေတာ မြင်ရလို့ ဝမ်းသာလိုက်တာကွာ''လောကကြီးဟာ သူ့ကြောင့် သာယာစိုပြေလှပလာတယ်နော်' စသဖြင့် သူတို့စိတ်ထဲမှာ ရုပ်ရှင်ကားနဲ့ လိုက်လျောညီထွေတဲ့ ခံစားမှုတွေ ဖြစ်ပေါ်နေကြလိမ့်မယ်။

အခု သင်စဉ်းစားရမှာက သင်အသက်ကြီးတဲ့အခါမှာ သင့်ဘဝဖြစ်စဉ် (မွေးစကနေ ခုချိန်အထိ) ရုပ်ရှင်ရိုက်ပြီး မိတ်ဆွေတွေကို ပြသမယ်ဆိုရင် သူတို့အားကျမယ့် ရုပ်ရှင်ကား ဖြစ်လာပါ့မလား၊ အဲဒါကို သင့်သားသမီးတွေ ကြည့်ပြီး 'အဖေ့အကြောင်းက ဘာကြီးမှန်းလဲ မသိဘူး၊ ကျွန်တော်တို့ အားကျစရာ တစ်ကွက်မှလည်း မပါဘူး''အဖေ ဒီလောက်တုံးမှန်း အခုမှ သိရတယ်ဗျာ''အဖေ့သားဖြစ်ရတာ ကျွန်တော် ရှက်တယ်ဗျာ''အဖေ့သမီးဖြစ်ရတာ ကျွန်မ ဂုဏ်ယူတယ်ရှင့်' လို့ အပြောခံမလား။

ဒါကြောင့် သင်ဟာ အခု ငယ်ရွယ်သေးရင် ကြီးလာတာတဲ့အခါ သင့်ဇာတ်လမ်းကို သင့်စိတ်ကြိုက်ရွေးချယ်ဖို့ အချိန်ရှိပါသေးတယ်။ သင့်ရုပ်ရှင်ကားဇာတ်လမ်းဟာ လောကကြီးကို ကောင်းကျိုးပြုခဲ့သူလား၊ သင်မွေးဖွားလာချိန်ကနေ သေသွားတဲ့အချိန်အထိ ငပေ၊ ငတေ၊ အမူးသမားစတဲ့ လူ့ချဉ်ဖတ်တစ်ယောက်အဖြစ် ဘဝကို ကုန်ဆုံးသွားသူလား၊ သင်ဟာ လောကကြီးကို အရုပ်ဆိုးအကျည်းတန်အောင် လုပ်ခဲ့သူလား၊ သင်ကွယ်လွန်ချိန်မှာ လူထောင်ပေါင်းများစွာရဲ့ နှမြောတသသဖြစ်ပြီး ငိုကြွေးခံရမယ့်လူ ဖြစ်မလား။ သင့်ရိုက်မယ့် ရုပ်ရှင်ဇာတ်လမ်းကို အခုကတဲက စဉ်းစားပါ။ လေးလေးနက်နက်ထား စဉ်းစားစေချင်ပါတယ်။

သင်ဟာ သင့်ဘဝအကြောင်းဇာတ်လမ်းကို ကိုယ်တိုင်သရုပ်ဆောင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူအဖြစ် စိတ်ကြိုက်ဇာတ်လမ်းကို ရိုက်ခွင့်ရှိပါတယ်။ ရိုက်ရှင်ကားကို ရိုက်ကူးထုတ်လုပ်ဖို့ ပိုက်ဆံအများကြီး အကုန်ခံစရာ မလိုပါဘူး။ ဒါပေမဲ့ ဇာတ်ကားကောင်းဖြစ်ဖို့ ဇာတ်ညွှန်းကို သင်ကိုယ်တိုင် ရေးရမှာပါ။ လူဆိုတာ ကိုယ့်သမိုင်း ကိုယ်ရေးတာပါ။

သင့်ရုပ်ရှင်ကားကို ပေါကားလို့ သတ်မှတ်မခံရစေဖို့ ဇာတ်လမ်းမှာ လူတွေ အတုယူ အားကျစရာ သင်ခန်းစာယူစရာ အနည်းဆုံးတစ်ခုတော့ ပါပါစေ။

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Credit; Bamaw Thein Pe


Read times Last modified on Wednesday, 08 January 2020 14:12
Rate this articles
(2 votes)