၂၁ ရာစုထဲကို ရောက်လာတာနဲ့အမျှ နိုင်ငံတော်တော်များများရဲ့ ပညာသင်စနစ်နဲ့ နည်းပညာတွေဟာ တိုးတက်ခေတ်မီလာပြီး
ခေတ်နဲ့လျှော်ညီအောင် ပြုပြင်ပြောင်းလဲလာကြပါပြီ။
တစ်ချို့နေရာတွေမှာတော့ ဒေသရဲ့ လိုအပ်ချက်အရ ဖြစ်ပေါ်လာတဲ့ စည်းမျဉ်းတွေ ရှိသလို လူနေမှုဘဝ မပြည့်စုံလို့ ဖြစ်လာရတဲ့ ပညာသင်ကျောင်း တွေလည်း ပါပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်တွေအတွက် ဗဟုသုတ အဖြစ် ကမ္ဘာအနှံ့က ထူးထူခြားခြား ပညာသင်စနစ်နဲ့ စည်းကမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာတော့ တံတားတစ်စင်းရဲ့ အောက်မှာ အကာအရံ လုံးဝမရှိတဲ့ ပညာသင် ကျောင်းလေး ရှိပါတယ်။ ရာနဲ့ချီတဲ့ ကျောင်းသားတွေဟာ ဒီနေရာမှာ အခမဲ့ပညာလာသင်ယူနိုင်ပြီး ပြောင်းရွှေ့ လုပ်သားတွေ၊ ဆင်းရဲသားတွေနဲ့ နေ့စားသမားတွေရဲ့ သားသမီးတွေအတွက် ပညာတတ်နိုင်ဖို့ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။
တောင်ကိုရီးယားကတော့ လူငယ်တွေကို ပညာရေးနဲ့ပတ်သက်ရင် လုံးဝမညှာတာတဲ့ နေရာတစ်ခုပါ။ ကျောင်းသားတစ်ယောက်ဟာ ပုံမှန်ကျောင်းချိန် မနက် ၈ နာရီကနေ ၄ နာရီထိ တက်ရတဲ့အတွက် အခြားနိုင်ငံများ ထက် ကြာမြင့်ပါတယ်။
ဒါပေမယ့် ကျောင်းသားအများစုဟာ စာလိုက်နိုင်ဖို့အတွက် ကျူရှင်ကျောင်းတွေကိုပါ ထပ်ပြီး ညနေ ၆ နာရီမှ ၉ နာရီအထိ တက်ကြလေ့ရှိတာကြောင့် တစ်နေ့ကို စုစုပေါင်း ၁၆ နာရီလောက် စာလုပ်ကြရပါတယ်။ ဒါမှသာ ကောင်းမွန်တဲ့ တက္ကသိုလ်ကို ဝင်ခွင့်ရမှာပါ။
ဂျပန်မှာတော့ ကျောင်းတွေမှာ ကိုယ်ပိုင်ယူနီဖောင်းတွေ ရှိကြသလို တစ်ချို့ကျောင်းတွေကတော့ ယောက်ျားလေးရော မိန်းကလေးရော ဝတ်ဆင်လို့ရတဲ့ Unisex ဒီဇိုင်း ယူနီဖောင်းတွေ ဝတ်ဆင်စေပါတယ်။ ဒါဟာ ကျားမခွဲခြားမှု လျော့ချခြင်းတစ်မျိုးဖြစ်ပြီး အနာဂါတ်မှာ တစ်နိုင်ငံလုံးက ကျောင်းတွေကို Unisex ယူနီဖောင်းတွေပဲ ဝတ်ဆင်စေဖို့ ရည်ရွယ်ထားတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ နိုင်ငံရဲ့မြေ ၇၀% ဟာ ပင်လယ်ရေမျက်နှာပြင်ထက် တစ်မီတာသာ မြင့်ပါတယ်။ ဒါ့အပြင် ကျောင်းနေအရွယ်လည်း များပြားတာကြောင့် ရေလွှမ်းမိုးမှုတွေ ကြုံလာတဲ့အခါ အခုလို ရေပေါ်ကျောင်းတွေကို ရံဖန်ရံခါ တည်ဆောက်ပြီး စာသင်ရပါတယ်။
နယ်သာလန်နိုင်ငံမှာတော့ ကလေးတွေ တရားဝင်ကျောင်းစတက်ချိန်ကို သူတို့ရဲ့ လေးနှစ်မြောက်မွေးနေ့ လို့ သတ်မှတ်ထားတယ်။ ဒါ့ကြောင့် ကျောင်းဖွင့်ချိန်ဆိုတာ ပုံသေမရှိဘဲ တစ်နှစ်ပတ်လုံး ကျောင်းသားသစ်တွေ လက်ခံပေးပြီး တစ်ဦးချင်းကို အာရုံစိုက်သင်ပေးနေတာပါ။ ဒီစနစ်ဟာ ကလေးတွေအနေနဲ့ တကယ့် သက်တူရွယ်တူတွေနဲ့ ပြောဆိုဆက်ဆံရတာကြောင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု မှန်ကန်စေအောင် ဖြစ်ပါတယ်။
သြစတြေးလျဇုန်က နယူးဇီလန်နဲ့ သြစတြေးလျ နိုင်ငံတို့လို ပင်လယ်ကမ်းခြေများတဲ့ နိုင်ငံတွေမှာတော့ ကျောင်းကို ကလေးတွေ ဖိနပ်မစီးလာလည်း ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရာသီဥတုနဲ့လည်း ဆိုင်ပါတယ်။
ရုရှနိုင်ငံမှာတော့ ပထမဆုံး ကျောင်းစတက်တဲ့နေ့ကို အသိပညာနေ့အဖြစ် သတ်မှတ်ပြီး အင်မတန် အရေးကြီးတဲ့နေ့ရက်တစ်ခု ဖြစ်ပါတယ်။ ကျောင်းတွေကို စက်တင်ဘာ ၁ ရက်နေ့မှာပဲ အမြဲစဖွင့်ပြီး အားလပ်ရက် ဖြစ်ဖြစ်၊ စနေ တနင်္ဂနွေပဲဖြစ်ဖြစ် ကျောင်းလာရပါတယ်။
ပညာရေးကို အလေးထားတဲ့ ပြယုဂ်တစ်ခုဖြစ်ပြီး အိုလံပစ် ရွှေတံဆိပ်ဆုရှင် အားကစားသမားတွေတောင် အဆိုပါနေ့ရက်မှာ ကျောင်းတွေကို သွားရောက်ကြလေ့ရှိတယ်။
ကလေးတွေကို သူတို့ဘဝရဲ့ သိချင်စိတ် အပြင်းပြဆုံးအချိန်မှာ အလုံပိတ်အခန်းတွေထဲ ပို့ပြီး စာသင်ကြားတာ မှန်ကန်ရဲ့လားလို့ မေးခွန်းထုတ်သူတွေ ရှိတယ်။ အမေရိကန်၊ ဗြိတိန်နဲ့ ချက်သမ္မတနိုင်ငံတွေမှာ Outdoor မူကြိုကျောင်းတွေရှိပြီး အလုံပိတ်အခန်းအစား သဘာဝတရားကို လွတ်လွတ်လပ်လပ် မြင်တွေ့ရတဲ့ နေရာမှာ သင်ကြားပါတယ်။
can’t wait to say