×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 20 July 2018

အလုပ်ရောက်ရောက်ချင်း အစ ၁၀ မိနစ်မှာ လုပ်မိတတ်တဲ့ အမှား (၇) ခု

အလုပ်ရောက်ရောက်ချင်း အစ ၁၀ မိနစ်မှာ လုပ်မိတတ်တဲ့ အမှား (၇) ခု google.com

အလုပ်ကိုရောက်ရောက်ချင်း မိနစ်ပိုင်းတွေဟာ တစ်နေကုန် အလုပ်ပြီးမပြီးကို ဆုံးဖြတ်ပေးနိုင်ပါတယ်။

ဒါကြောင့် အလုပ်ရောက်ရောက်ချင်း ၁၀ မိနစ်မှာ အချိန်တွေမကြန့်ကြာသင့်ဘဲ ကြန့်ကြာ၊ အရေးမကြီးတာတွေ လုပ်ပြီး ကိုယ့်ရဲ့ အလုပ်လုပ်ကိုင်နိုင်စွမ်းကို မဖြုန်းတီးမိပါစေနဲ့။ ဘယ်အချက်တွေကို ရှောင်ကြဉ်ရင် အလုပ်လုပ်နိုင်စွမ်းတိုးတက်မလဲဆိုတော့...


(၁) အလုပ်နောက်ကျခြင်း

အလုပ်နောက်ကျတယ်ဆိုတာက အလုပ်ချိန်မစခင်မှာဘဲ အလုပ်ပြီးမြောက်နိုင်စွမ်းကို ဖျက်ဆီးလိုက်သလို ဖြစ်တတ်ပါတယ်။ ဘော့စ်အများစုကလည်း အလုပ်နောက်ကျတဲ့သူတွေကို Performance ညံ့တယ်လို့ သတ်မှတ်လေ့ရှိကြပါတယ်။ အလုပ်ကို နောက်ကျမှ လာပြီး နောက်ကျမှ ပြန်လည်း သူတို့ကတော့ ဒါကို မမြင်တတ်ကြပါဘူး။ ဒါကြောင့် တတ်နိုင်သမျှ အလုပ်ကို စောစောလာတာ အကောင်းဆုံးပါပဲ။


(၂) လုပ်ဖော်ကိုင်ဘက်တွေကို မနှုတ်ဆက်ခြင်း

မနက်ရုံးရောက်တာနဲ့ ရွှင်မြူးချိုသာတဲ့ အသံလေးနဲ့ လုပ်ဖော်ကိုင်ဘက်တွေကို တစ်ချက်လောက်နှုတ်ဆက်လိုက်တာဟာ အချိန်ဘယ်လောက်မှ မကုန်ပေမယ့် လူမှုဆက်ဆံရေးမှာ အကျိုးများလှပါတယ်။ တကယ်လို့ ကိုယ်က ကိုယ့်အလုပ်မှာ အကြီးအမှုးတစ်ယောက်ဖြစ်ပြီး ကိုယ့်လက်အောက်ငယ်သားတွေကို တစ်ချက်ကလေးမှ နှုတ်မဆက်ဘူးဆိုရင်တော့ လက်အောက်ငယ်သားတွေကို ထိန်းချုပ်နိုင်စွမ်းပါ လျော့နည်းသွားပါလိမ့်မယ်။


(၃) Email တွေကို တစ်စောင်ချင်း စိမ်ပြေနပြေပြန်နေခြင်း

ရုံးရောက်လို့ ထိုင်ခုံမှာ အထိုင်ချလိုက်ပြီဆိုတာနဲ့ ဝင်လာသမျှ Email တွေကို တစ်စောင်ချင်းဖွင့်ပြီး စိမ်ပြေနပြေ ပြန်နေတာက တကယ်တော့ အလုပ်မဖြစ်ပါဘူး။ တကယ်လုပ်ရမှာက Email တွေကို အမြန်ကြည့်ပြီး ဖတ်လိုက်၊ ပထမဆုံး ဦးစားပေး ပြန်ရမယ့်ဟာတွေကို အရင်စီလိုက်ပြီး အရေးကြီးဆုံးသော တစ်ခု၊ နှစ်ခုကိုပဲ အရင်ပြန်လိုက်ပါ။ မဟုတ်ရင် Email ပြန်တဲ့နေရာမှာပဲ အချိန်ကုန်နေပြီး အရေးကြီးတဲ့ အလုပ်များစွာကို လုပ်ဖြစ်တော့မည် မဟုတ်ပါဘူး။

 

Recommended for you - YUFL ပထမနှစ်သင်တန်း လူတွေ့နှုတ်ဖြေစာမေးပွဲကို၂၅-၇-၂၀၁၈ ရက်နေ့ စတင်မည်


(၄) ဘာတွေ လုပ်ရမယ်ဆိုတာ အစီအစဉ်မချထားဘဲ အလုပ်ရောက်လာတာ

နေ့တစ်နေ့ရဲ့ အစ အလုပ်မလာခင်မှာ လမ်းခရီးမှာတင် ဒီနေ့တော့ ဘာတွေ လုပ်မယ်ဆိုတာကို အစီအစဉ်ချထားသင့်ပါတယ်။ ဘယ်ပွဲတွေကို သွားရမယ်၊ ဘယ်သူတွေနဲ့ ချိန်းဆိုထားတယ်၊ ဘယ်အလုပ်ကတော့ ဒီနေ့လုပ်ဖြစ်အောင်လုပ်ရမှာလို့ ချရေးထားရင်တော့ အလုပ်ရောက်လာတာနဲ့ စလုပ်နိုင်ပြီး အလုပ်ပြီးမြောက်မှုကို တိုးတက်စေမှာပါ။


(၅) အလုပ်နှစ်ခု၊ သုံးခု တပြိုင်တည်း လုပ်တာ

မနက်ခင်း ရုံးရောက်ပြီး အားအင်အပြည့်ရှိနေတုန်း ကိုယ့်ကိုယ်ကို အလုပ်ပေါင်းများစွာကို တစ်ချိန်တည်း၊ တပြိုင်တည်း လုပ်နိုင်တယ်လို့ ထင်မှတ်မှားကြပါတယ်။ ဒါပေမယ့် ဒီလို အလုပ်တွေအများကြီးကို တပြိုင်တည်းမှာလုပ်တာဟာ စွမ်းဆောင်ရည်ကိုတော့ ကျဆင်းစေပြီး အရေးကြီးအလုပ်တွေမှာ အမှားမှားအယွင်းယွင်းဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်ကြိမ်မှာ တစ်ခုကိုပဲ အာရုံစိုက်အလုပ်လုပ်ပြီး တစ်နေ့တာ လုပ်စရာများကို မှန်မှန်လေး ရှင်းလိုက်ပါ။


(၆) ခေါင်းရှင်းထားပါ၊ အဆွေးမြင်အတွေးတွေကနေ ဝေးကွာပါစေ

မနေ့ညက အိမ်ထောင်ဘက်နဲ့ ရန်ဖြစ်လာတာတွေ၊ အလုပ်မလာခင် မိသားစုနဲ့ ကတောက်ကဆကိစ္စတွေ ဖြစ်ခဲ့တာကို အလုပ်ရောက်ရင်တော့ ခဏမေ့ထားခဲ့လိုက်ပြီး အလုပ်ပေါ်ကိုပဲ အာရုံစိုက်လိုက်ပါ။ ခေါင်းထဲကနေ ချက်ချင်းထုတ်လို့ မရရင်တောင် ခဏရွှေ့ထားပြီး အလုပ်အားမှ ပြန်စဉ်းစားသင့်ပါတယ်။


(၇) အချိန်ဇယားအတိုင်း မလုပ်ဆောင်ခြင်း

အပေါ်မှာ ပြောပြခဲ့သလိုပေါ့ လုပ်ရမယ့် အရာတွေကိုလည်း ချမှတ်ထားတာပဲ၊ ဒါပေမယ့် ပြီးတော့လည်း လုပ်ချင်ရာတွေ ထလုပ်နေတာပဲဆိုရင်တော့ မဟုတ်သေးပါဘူး။ အဲဒီအစား ချမှတ်ထားတဲ့ အစီအစဉ်တွေအတိုင်း အချိန်လေးသတ်မှတ်ပြီး လုပ်မှ ကျကျနန အလုပ်ပြီးမှာပါ။

 

 

Recommended for you - မိုးတွင်း ထီးပျောက်ရှ မေ့ကျန်လို့ ခဏခဏပြန်ပြန်ဝယ်နေရသူများအတွက်

 

Recommended for you - ကျောင်းသားနှစ်ထောင်ကျော်သာ လက်ခံမည့် ရန်ကုန်တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူသုံးထောင်ကျော်ရှိ

 

Credit; akhayar

Read times Last modified on Friday, 10 January 2020 10:49
Rate this articles
(1 Vote)