ငွေကိုစီမံခန့်ခွဲတယ်ဆိုတာ အရမ်းကိုချမ်းသာတဲ့သူတွေမှ မဟုတ်ပါဘူး။ လူတိုင်း စီမံခန့်ခွဲဖို့ လိုပါတယ်။ ကိုယ်ရနေတဲ့ ဝင်ငွေအပေါ်မူတည်ပြီး သုံးစွဲရမယ့်ပုံစံတွေ၊ စုဆောင်းရမယ့် ပုံစံတွေဆိုတာ ရှိကိုရှိသင့်ပါတယ်။ မဟုတ်ရင် မရည်ရွယ်ဘဲ သုံးမိရာကစလို့ ကိုယ့်အတွက် ငွေအသုံးကြပ်တယ်ဆိုတာမျိုးတွေ၊ တခြားသော ငွေကြေးဆိုင်ရာ အခက်အခဲမျိုးတွေ ကြုံရတတ်ပါတယ်။
(၁) စာရင်းလုပ်မယ်
ငွေကြေးနဲ့ပတ်သက်လို့ စာရင်းအင်းလို့ ပြောလိုက်ရင် လုပ်ငန်းတွေပဲလုပ်ဖို့ လိုအပ်တာလို့ ထင်ချင်ထင်ပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ရဲ့တစ်ကိုယ်ရည် အသုံးစရိတ်နဲ့ ဝင်ငွေ၊ ထွက်ငွေတွေအတွက်လည်း စာရင်းအင်းလိုအပ်ပါတယ်။ ဒီလိုစာရင်းအင်းလုပ်ဖို့အတွက်လည်း certificate တွေ၊ diploma တွေ မလိုအပ်ပါဘူး။ လူတိုင်း လုပ်နိုင်ပါတယ်။ သင့်ရဲ့ ဝင်ငွေကို မှတ်သားပြီး ဝင်ငွေထက်မကျော်အောင် အသုံစရိတ်သတ်မှတ်ထားသင့်ပါတယ်။ ဘယ်လောက်ကို စုမယ်၊ ဘယ်လောက်ကို သုံးမယ်။ ဘာတွေလုပ်မယ်ဆိုတာကို စနစ်တကျ စာရင်းလုပ်သင့်ပါတယ်။ တစ်ရက်တစ်ရက်သုံးတဲ့ အသုံးစရိတ်တွေကိုလည်း စာရင်းမှတ်ပြီး တစ်လပြည့်ရင်စာရင်းချုပ်သင့်ပါတယ်။ အစပိုင်းမှာ အလုပ်ရှုပ်တယ်လို့ ထင်စရာရှိပေမယ့် ကြာလာတဲ့အခါ အရမ်းကိုအကျိုးထူးမှန်း သင် သတိထားမိပါလိမ့်မယ်။
(၂) ဘာတွေသုံးမလဲဆိုတဲ့ ရည်မှန်းချက်တွေ
ဟိုဟာလေးတွေ့လည်း ဝယ်ချင်၊ ဒီဟာလေးအတွက်လည်း သုံးချင်ဆိုရင်တော့ သင့်ရဲ့ဝင်ငွေနဲ့ထွက်ငွေ မမျှတဲ့ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတော့ လာမယ့်လမှာ ဘယ်အရာတွေကို ဝယ်မယ်။ (ဝယ်ဖြစ်အောင် ဝယ်မယ်)၊ ဘယ်အရာတွေအတွက် ငွေသုံးမယ် စသဖြင့် ကြိုတင်သတ်မှတ်ထားတာ သင့်ငွေကြေးစီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး ပိုမိုလွယ်ကူစေမှာပါ။ ဒါ့အပြင် အလွယ်တကူ ပစ္စည်းဝယ်တတ်တဲ့ သင့်ရဲ့အကျင့်ကိုလည်း ပြုပြင်ပြီးသား ဖြစ်သွားပါလိမ့်မယ်။
(၃) တစ်ခုခုဆို စဉ်းစားပါ
သုံးရစွဲရမယ်ဆိုတာမျိုး ကြုံပြီဆိုတာနဲ့ လက်လွယ်တတ်တဲ့အကျင့်ကို ဖျောက်လိုက်ပါတော့။ တစ်ခုခုကို သုံးမယ်ဆိုရင် ကိုယ်တကယ်လိုအပ်ရဲ့လား? ဘယ်လောက်ထိ ကိုယ်ကတတ်နိုင်သလဲ? ဝယ်မယ်ဆိုရင်ကော ဘာတွေများ အကျိုးထူးသွားနိုင်လဲ? ဒါတွေကို တွေးဖြစ်အောင် တွေးသင့်ပါတယ်။ ငွေနဲ့ပတ်သက်ရင် နှေးနှေးကွေးကွေး လေးလေးလံလံ ချင့်ချိန်ဆုံးဖြတ်တတ်တာ ကောင်းတဲ့အကျင့်တစ်ခုပါ။
Recommended for you - အခြေခံပညာကျောင်းများတွင် အကြံပြုစာပုံးများထားမည့်စနစ် ယခုနှစ်မကုန်မီ စတင်မည်
(၄) မလိုအပ်တဲ့အရာတွေကို သင့်စာရင်းထဲက ဖယ်ထုတ်လိုက်ပါတော့
တစ်ခါတစ်လေတော့ တစ်ချို့ပစ္စည်းတွေက သင့်အိတ်ထဲက ပိုက်ဆံတွေကို နှိုက်ပစ်ဖို့ ချောင်းနေပါတယ်။ ဥပမာ ပြောရရင်တော့ နောက်ဆုံးပေါ် နည်းပညာပစ္စည်းတွေပါပဲ။ Marketing ပညာရှင်တွေဟာ သူတို့ရဲ့ပစ္စည်းတွေကို သင်လိုအပ်တယ်လို့ ထင်ရလောက်အောင် ပြုမူတတ်ပါတယ်။ ဒါ့ကြောင့် သင်ဟာ ဒီပစ္စည်းတွေကို လိုချင်စိတ်ဖြစ်လာပြီး သင့်ပိုက်ဆံတွေကို ပေးချင်စိတ်တဖွားဖွား ဖြစ်လာတတ်ပါတယ်။ ဒီလိုအချိန်ဆို သင်သေချာစဉ်းစားပါ။ ဒီပစ္စည်းတွေကိုဝယ်ဖို့ တကယ်လိုအပ်ရဲ့လားလို့။ မလိုအပ်ဖူးထင်ရင်လည်း သင့်စာရင်းထဲက စောစောစီးစီးသာ ဖယ်ထုတ်လိုက်ပါတော့။
(၅) စုဆောင်းခြင်း
ဝင်ငွေရသလောက် အကုန်သုံးပစ်မယ်ဆိုရင်တော့ အရေးအကြောင်းဖြစ်လာရင် သင့်မှာ ငွေကြေးအခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဝင်ငွေထဲကနေ အတိုင်းအတာတစ်ခုအထိ စုဆောင်းတတ်တဲ့ အလေ့အကျင့်လေးတစ်ခု လုပ်သင့်ပါတယ်။ ဒီအကျင့်ဟာ နောင်ရေးအတွက်လည်း အဆင်ပြေနိုင်သလို ဘဝတစ်ခုလုံး စွဲမြဲကျင့်သုံးသင့်တဲ့ အလေ့အကျင့်ကောင်းတစ်ခုလည်း ဖြစ်ပါတယ်။
Recommended for you - သင့်ဘဝကို ဆိုးရွားစွာဖျက်ဆီးနေတဲ့ အတွေးတွေက ဒါတွေပါ
Recommended for you - ဆရာ ဆရာမများကို အရည်အချင်းပြန်လည်မြှင့်တင်မှုတွင် အစိုးရ ရုန်းကန်နေရဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Credit; Focus Youth E-magazine