ကဲ ဘော်ဘော်တို့ရေ အင်္ဂလိပ်စာဘယ်လောက်ပဲလေ့လာလေ့လာ ဘိုလိုအရမ်းကြီး မမှုတ်နိုင်သေးလို့ စိတ်တွေ ဟိုးအောက်ကျဆင်းနေပြီလား။ စိတ်မပူပါနဲ့တော့။
ဘိုလိုဖလူးဖလူး မြန်မြန်မှုတ်နိုင်မယ့် နည်းလမ်းလေးတွေကို အခု မျှဝေပေးမယ်နော်။
(၁) သဒ္ဒါကို အရမ်းမလေ့လာပါနဲ့။
TOFL တို့ IELTS စတဲ့ စာမေးပွဲဖြေမယ့် ယောင်းယောင်းတို့ကတော့ အမှတ်ကောင်းဖို့ သဒ္ဒါမဖြစ်နေလေ့လာရပါမယ်။ ဒါပေမယ့် ဘိုလို မြန်မြန်မှုတ်ချင်တဲ့ ယောင်းတို့ကတော့ သဒ္ဒါကို အားမစိုက်ပါနဲ့။
သဒ္ဒါကို အရမ်းအားထည့် လွန်းရင် အရမ်းစဉ်းစားလွန်းရင် စဉ်းစားရင်းနဲ့ ပါးစပ်က ဘိုလိုမထွက်လာတော့ပါဘူး။ ဒါကြောင့်အရမ်းမတွေးပါနဲ့။ အရင်ဆုံး ဘိုလိုတဖူးဖူး မှုတ်နိုင်အောင် လေ့ကျင့်ပါ။
(၂) စကားစုတွေကို လေ့လာပါ။
တော်တော်များများ အင်္ဂလိပ်စာလေ့လာပြီဟေ့ဆို ဝေါဟာရတွေ ရေးကျက်ကြတယ်။ အဓိပ္ပာယ်တွေ ကျက်ကြတယ်။ ကဲ ဝါကျဆောက်ဟေ့ ဆိုရင် ဘယ်နားက ဘယ်လို စဆောက်ရမှန်းမသိကြတော့ဘူး။ အဲ့တော့ ဝေါဟာရ တစ်လုံးချင်းစီ ကျက်တာထက်စာရင် စကားစုလေးတွေ များများကျက်ပေးပါ။ ဥပမာ table – စားပွဲ ဆိုပြီး တစ်လုံးတည်းကျက်တာထက်စာရင် on the table – စားပွဲပေါ်တွင်/မှာ စသဖြင့်စကားစုလေးတွေ ကျက်ပေးပါ။
(၃) မြန်မာလိုမတွေးပါနဲ့။
အင်္ဂလိပ်စာလေ့လာတဲ့ ကျောင်းသားတော်တော်များများ မြန်မာလိုတွေးပြီးမှ အင်္ဂလိပ်လို ရေးကြ ပြောကြတာများပါတယ်။ အဲ့တော့ native speaker မဆန်တော့ဘူးပေါ့။
တစ်ခုမှတ်ထားရမှာက အင်္ဂလိပ်ဘာသာစကားနဲ့ မြန်မာဘာသာ စကား ဝါကျ အထားအသိုမတူပါဘူး။ အဲ့လိုမတူတာကို မြန်မာလိုတွေးပြီး ရေးချလိုက်တော့ တမျိုးကြီးဖြစ်သွားတာပေါ့။ အပေါ်မှာပြောထားတဲ့အတိုင်း စကားစုလေးတွေကျက်မယ် ဝါကျအလိုက်မှတ်ထားမယ်ဆိုရင် အင်္ဂလိပ်လိုအတွေးက အော်တိုကျလာမှာပါယောင်းတို့ရေ။
(၄) များများ ပြောပါ။
မှန်မှန်မမှန်မှန် သူများနားလည်မလည်လည် ဘိုလို များများသာ မှုတ်ပစ်ပါ။ အများစုဖြစ်တတ်တာက အင်္ဂလိပ်စာအုပ်တွေ အရမ်းဖတ်တယ်။ Listening (အကြားစွမ်းရည်) အတွက်လည်း အရမ်းလေ့ကျင့်တယ်။ ဒါပေမယ့် ပြောဟေ့ဆို မပြောတတ်ဘူး။ အဓိက တရားခံကတော့ အပြောမလေ့ကျင့်လို့ပါပဲ။
မလေ့ကျင့်တာကလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းလို့ပါပဲ။ ယုံကြည်မှုများအောင် မှန်ရှေ့မှာ တစ်ယောက်တည်း စကားပြော ခဏ ခဏ လေ့ကျင့်ပါ။ ကြုံရင်ကြုံသလို သူငယ်ချင်းတွေနဲ့ စကားပြောလေ့ကျင့်ပါ။ အင်္ဂလိပ်သီချင်းကို နောက်ကလိုက်ဆိုတာမျိုး၊ အင်္ဂလိပ်ကားတွေကြည့်ရင် ကြားတဲ့အလုံး လိုက်ပြောတာမျိုးလည်း လုပ်ကြည့်လို့ရပါတယ်။
(၅) အသံထွက်လေ့ကျင့်ပါ။
ပြောရဲပြီးသွားရင်တော့ အသံထွက်လေးလေ့ကျင့်ဖို့လည်းမမေ့ပါနဲ့။ အသံထွက်ကို လေ့လာတဲ့အခါမှာ မြန်မာလိုပေါင်းပြထားတဲ့ အသံထွက် မျိုးနဲ့မလေ့လာပါနဲ့။ Phonetics လို့ခေါ်တဲ့ အသံထွက် သင်္ကေတလေးတွေကို အရင်လေ့လာပါ။ စကားလုံးလေ့လာတိုင်း phonetics သင်္ကေတလေးတွေနဲ့တွဲမှတ်ပါ။
အသံထွက်လေ့ကျင့်ဖို့ ဖုန်းထဲမှာ oxford dictionary လေးတွေထည့်ထားပါ။ စကားလုံးရဲ့ဘေးမှာ အမြဲ အသံထွက်သင်္ကေတလေးတွေ ရေးပေးထားပါတယ်။
အပေါ်ကနည်းလမ်းလေးတွေကို ကောင်းကောင်းအသုံးချပြီး အမြန်ဆုံး native speaker တစ်ယောက်လို ဖလူးဖလူးဖြစ်နေအောင် ဘိုလိုမှုတ်နိုင်ပါစေလို့။
source: Christina (For Her Myanmar)