အချိန်များတဲ့ သင်တန်းတွေကသာ သင်တန်းကြေးပေးရတာ ပိုတန်ပြီး စာမြန်မြန်တတ်မယ်လို့ ထင်နေကြပါတယ်။ တကယ်တော့ ၎င်းဟာ အတော်လွဲမှားတဲ့ အယူအဆပါ။
အင်္ဂလိပ်ဘာသာစကားဟာ နိုင်ငံတကာသုံး ဘာသာစကားတစ်ခု ဖြစ်တာကြောင့် ကျွန်တော်တို့တွေဟာ သဘောကျသည်ဖြစ်စေ မကျသည်ဖြစ်စေ မဖြစ်မနေ လေ့လာကြရပါတယ်။
အင်္ဂလိပ်စာသင်တန်းတွေဟာလည်း မှိုလိုပေါက်လာကြတာကြောင့် ကျွန်တော်တို့အတွက် သင်တန်းတွေ ရွေးချယ်ရတာဟာ အတော်ခက်ခဲလာပါတယ်။
ဒါကြောင့် အင်္ဂလိပ်စာ သင်တန်းတက်ဖို့ ရွေးချယ်ရခက်ခဲနေတဲ့ သင့်အတွက် သင်တန်းအလွယ်တကူ ရွေးချယ်နိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ် ။
(၁) သင်တန်းကြေး
အင်္ဂလိပ်စာသင်တန်းရွေးချယ်တဲ့အခါမှာ ဒီအရာက အရေးကြီးဆုံးပါပဲ။ Rich Kid တွေနဲ့ မိဘက ထောက်ပံ့နိုင်တဲ့သူတွေအတွက်တော့ အရေးကြီးချင်မှ ကြီးပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့လို ကိုယ့်ဘာကို အလုပ်လုပ်ပြီး ကျောင်းတက်တဲ့ သူတွေအတွက်တော့ ငွေဟာ အတော်အရေးကြီးပါတယ်။ ကျွန်တော်ဆိုရင် အင်္ဂလိပ်စာ သင်တန်းတစ်ခုကို တက်မယ်လို့ မဆုံးဖြတ်ခင်မှာ အဲဒီသင်တန်းရဲ့ သင်တန်းကြေးကို အရင်ကြည့်ပါတယ်။
တကယ်လို့ ၎င်းဟာ ကျွန်တော်မတတ်နိုင်တဲ့ ဈေးနှုန်းဖြစ်နေရင် ဘ်ာသူတွေ ဘယ်လောက်ပဲ ညွှန်းသည်ဖြစ်စေ ကျွန်တော် လုံးဝ မတက်ပါဘူး ။ ကျွန်တော်ခံယူထားတာကတော့ အင်္ဂလိပ်စာအတွက် ငွေနင့်နေအောင် အကုန်မခံဘူး ဆိုတာပါ။ သင်တန်းကြေး မတတ်နိုင်ရင် Self-study လုပ်လို့ ရနိုင်ပါသေးတယ်။ သင်လည်း အင်္ဂလိပ်စာ သင်တန်းတစ်ခုကို မအပ်ခင်မှာ အရင်စဉ်းစားပါ ။ ကျွန်တော်ကတော့ အရမ်းဈေးကြီးတဲ့ သင်တန်းတွေတက်တာကို လုံးဝ အားမပေးပါဘူ ။ ကိုယ်အိုးနဲ့ ကိုယ့်ဆန် တန်ရာ တန်ရာပဲ ကောင်းပါတယ်။
(၂) နေရာ နဲ့ အချိန်
အင်္ဂလိပ်စာ သင်ဖို့ သင်တန်းရွေးတဲ့အခါမှာ သင့်အိမ်နဲ့ နီးတဲ့ သင်တန်းတွေကို ဦးစားပေးပြီး ရွေးချယ်သင့်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင် သွားလာရတာ ပင်ပန်းပြီး စာသင်ဖို့ အာရုံသိပ်မစိုက်နိုင်ဘဲ ဖြစ်နေပါလိမ့်မယ်။ သင့်အနီး အနားမှာ သင်တန်းကောင်း သိပ်မရှိမှသာ တခြားနေရာတွေကို စဉ်းစားပါ။
အချိန်နဲ့ ပတ်သက်ရင်တော့ သတိထားစရာအချက်တွေ များစွာရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက လူအများစုဟာ အင်္ဂလိပ်စာ သင်တန်းတက်ဖို့ ရွေးချယ်တဲ့အခါမှာ သင်တန်းအချိန်နဲ့ ပတ်သက်ပြီး လွဲမှားတဲ့ အယူအဆတွေ ရှိနေကြပါတယ်။ အချိန်များတဲ့ သင်တန်းတွေကသာ သင်တန်းကြေးပေးရတာ ပိုတန်ပြီး စာမြန်မြန်တတ်မယ်လို့ ထင်နေကြပါတယ်။ တကယ်တော့ ၎င်းဟာ အတော်လွဲမှားတဲ့ အယူအဆပါ။
သင်တန်းအချိန်တွေ အရမ်းများတဲ့အခါမှာ အာရုံစိုက်ရတာတွေ များလာတဲ့အတွက် ကြာလာတဲ့အခါမှာ သင်တန်းတက်ရတာကို ငြီးငွေ့ သွားကြတာများပါတယ် ။ ဒါကြောင့်လည်း သင်တန်းတွေဟာ အစမှာသာ လူများပြီး နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ လူတော်တော်လျော့ကုန်ကြတာ ဖြစ်ပါတယ်။
(၃) သင် အဓိက တက်ရောက်ချင်တာက ဘာပါလဲ?
သင်ဟာ ဘာရည်ရွယ်ချက်နဲ့ အင်္ဂလိပ်စာကို သင်ကြားပါသလဲ? သင့် ရည်ရွယ်ချက်နဲ့ ကိုက်ညီမယ့် သင်တန်းကို ရွေးချယ်သင့်ပါတယ် ။
ဥပမာအားဖြင့် ပြောရမယ်ဆိုရင် ကျွန်တော်ဟာ Content Writer တစ်ယောက်အဖြစ် ရပ်တည်နေတဲ့အတွက် ကျွန်တော် အင်္ဂလိပ်စာ သင်တန်းတွေတက်ဖို့ စုံစမ်းတဲ့အခါမှာ အရေးအသားပိုင်းနဲ့ ပတ်သက်တဲ့ သင်တန်းတွေနဲ့ ဘာသာပြန်သင်တန်းတွေကို ဦးစားပေးစဉ်းစားပါတယ်။ သင်ဟာလည်း သင်သွားချင်တဲ့ ရည်မှန်းချက်အပေါ် မူတည်ပြီး သင်တက်ရောက်မယ့် အင်္ဂလိပ်စာ သင်တန်းကို ရွေးချယ်သင့်ပါတယ်။
(၄) Native နဲ့သင်သင့်လား.... Local Teacher နဲ့သင်သင့်သလား?
ဒါကတော့ သင့်ရဲ့ ရွေးချယ်မှုပါပဲ။ ကျွန်တော် အမြင်အရပြောရရင်တော့ Level နိမ့်တုန်းမှာ Local Teacher တွေနဲ့သင်ပြီး အချိန် (၆) လ / (၁) နှစ်လောက်ပြည့်ရင်တော့ Native နဲ့သင်တာ ပိုကောင်းပါလိမ့်မယ်။ Native နဲ့သင်တာဟာ Listening Skill နဲ့ Speaking Skill ကို အချိန်တိုတွင်းမှာ တိုးတက်လာတာစေနိုင်ပါတယ်။
source: lunge.media