အခုခေတ် မျိုးဆက်သစ်လူငယ်တွေရဲ့ အားသာချက်က အခွင့်အလမ်းတွေ အများကြီးရှိနေတာပဲ ဖြစ်ပါတယ်။
တကယ်ကြိုးစားသူတွေအတွက် သန်းကြွယ်သူဌေးတစ်ယောက်လိုတင်မက ဘီလျံနာတစ်ဦးဖြစ်သည်အထိ အောင်မြင်ချမ်းသာ လာနိုင်ကြောင်းကို Mark Zuckerberg နဲ့ Evan Spiegel တို့က သက်သေပြနေပါပြီ။
ဘီလျံနာတစ်ယောက်ဖြစ်ဖို့က လုံးဝမဖြစ်နိုင်တာ မဟုတ်ပါဘူး။ ဆန်းသစ်တဲ့ စိတ်ကူး၊ ဇွဲလုံ့လနဲ့ အာရုံစူးစိုက်မှုတွေပဲ လိုအပ်ပါတယ်။ ချမ်းသာကြွယ်ဝဖို့အတွက် အသက်အရွယ်က အဓိကမကျပါဘူး။
အသုံးစရိတ်တစ်ခု ဖန်တီးခြင်း
သင် တကယ်ချမ်းသာချင်တယ်ဆိုရင် အစီအစဉ်ရှိဖို့ လိုပါတယ်။ သင့်ရဲ့ငွေကြေးနဲ့ပတ်သက်ပြီး အသုံးစရိတ်တစ်ခု သတ်မှတ်ထားခြင်းဟာ သင့်ငွေတွေ ဘယ်ကိုရောက်သွားလဲဆိုတာ သိစေနိုင်ပါတယ်။
ဆယ်ကျော်သက်အရွယ်မှာကတည်းက ငွေကြေးကို လက်လွတ်စပယ်လျှောက်သုံးပစ်နေမယ့်အစား တစ်လစာသုံးရမယ့်ငွေကို သတ်မှတ်ပြီးဖယ်ထားပါ။ အရေးပေါ်လိုအပ်နိုင်မယ့် ငွေကြေးပမာဏတစ်ခု ထားရှိပါ။ ကျန်တာကို စုဆောင်းပါ။
ဝင်ငွေလမ်းကြောင်း များများရှိနေခြင်း
သင့်မှာ လစာတစ်ခု ဒါမှမဟုတ် လုပ်ငန်းတစ်ခုကနေ ၀င်ငွေတစ်ခုခုရှိနေမှာပါ။ ဒါက ကောင်းပါတယ်။ ဒီဝင်ငွေတစ်ခုထဲပေါ်မှာပဲ မှီခိုပြီး မနေပါနဲ့။ ငွေရနိုင်မယ့် အခြားနည်းလမ်းတွေကို ရှာပါ။
သင့်မှာရှိတဲ့ အရည်အချင်းတွေ အားလုံးကို အသုံးချပြီး ၀င်ငွေလမ်းကြောင်းတွေ ထပ်မံဖန်တီးပါ။ အချိန်ပိုင်းအလုပ်တွေ၊ အလွတ်အလုပ်တွေ လုပ်ဆောင်ပါ။ ၀င်ငွေလမ်းကြောင်းတွေ များများဖန်တီးတာဟာ ဓနဥစ္စာကို တည်ဆောက်ရာမှာ တကယ်အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။
သွယ်ဝိုက်ဝင်ငွေရရှိဖို့ ရင်းနှီးမြုပ်နှံခြင်း
အလုပ်ကြိုးစားမယ် ၀င်ငွေလမ်းကြောင်းတွေ များများဖန်တီးလုပ်ဆောင်နေမယ်ဆိုရင် အခြေအနေတော်တော်ကောင်းနေပါပြီ။ ဒါပေမယ့် ကိုယ်တိုင်အလုပ်လုပ်စရာမလိုပဲ ၀င်ငွေရနေမယ့် သွယ်ဝိုက်ဝင်ငွေလမ်းကြောင်းတစ်ချို့ကိုလည်း ဖန်တီးထားသင့်ပါတယ်။
အိမ်ခန်းငှားပြီး အတူနေမယ့် အခန်းဖော်ငှားတာ၊ သင်ကျွမ်းကျင်တဲ့ အရည်အချင်းတစ်ခုခုနဲ့ ဖန်တီးထားတဲ့ အရာတွေကနေ ငွေရှာတာ စသဖြင့် လုပ်ဆောင်နိုင်ပါတယ်။ အွန်လိုင်းစတိုးဆိုင်လေးဖွင့်တာ၊ ပွဲစားလုပ်တာ စသဖြင့် သင်နဲ့ကိုက်ညီမယ့်အရာမှန်သမျှကို ကြိုးစားကြည့်နိုင်ပါတယ်။
ငွေကြေးဆိုင်ရာ နည်းပြပုဂ္ဂိုလ်တစ်ယောက် ရှာခြင်း
အာရပ်စကားပုံတစ်ခု ရှိပါတယ်။ သင့်ရဲ့သူငယ်ချင်းတွေကို ကြည့်ပြီး သင်ဘယ်လိုလူလဲဆိုတာ ပြောနိုင်ပါတယ် ဆိုတဲ့ စကားပါ။ သင့်အနေနဲ့ စီးပွားရေးလုပ်ငန်းတွေ အောင်မြင်ပြီး ဓနဥစ္စာကြွယ်ဝမှုကို တည်ဆောက်ချင်ရင် အတွေ့အကြုံရှိတဲ့ နည်းပေးလမ်းပြပုဂ္ဂိုလ် ဆရာသမားတစ်ယောက်ကို ချဉ်းကပ်ရမှာဖြစ်ပါတယ်။ သူတို့က သင့်ကို လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပြီး အခက်အခဲတွေကို ကျော်ဖြတ်နိုင်အောင် ကူညီပေးပါလိမ့်မယ်။
သင့်ကိုယ်သင် ရင်းနှီးမြုပ်နှံခြင်း
သင့်အတွက် အကောင်းဆုံးအခွင့်အလမ်းတွေ ရရှိနိုင်ဖို့အတွက် လိုအပ်တဲ့ အရည်အချင်းတွေ ရှိနေဖို့ ရင်းနှီးမြုပ်နှံသင့်ပါတယ်။ သင့်ရဲ့ အရည်အချင်းတွေကို တိုးတက်မြင့်မားနေအောင် အမြဲမပြတ် ကြိုးစားနေသင့်ပါတယ်။
လေ့လာသင်ယူမှုဟာ ဘယ်တော့မှ ပြီးဆုံးမသွားတဲ့ ဖြစ်စဉ်တစ်ခုပါ။ စာဖတ်တာ၊ ဟောပြောပွဲတွေ တက်ရောက်တာ၊ အရည်အချင်း အသစ်တွေ လေ့လာတာ ဒါတွေ အားလုံးက သင့်ကို ပိုထူးချွန်ထက်မြက်တဲ့ လူတစ်ယောက်ဖြစ်လာစေနိုင်ပါတယ်။ ဒါမှသာ သင့်အတွက် အခွင့်အလမ်းတွေ ပေါ်လာတာနဲ့ အမိအရ ဖမ်းဆုပ်နိုင်မှာ ဖြစ်ပါတယ်။
Credit: Gentleman