တကယ်တမ်း ရင့်ကျက်လာဖို့ဆိုတာ အပြောသာလွယ်တာ အလုပ်က တကယ်မလွယ်ပါဘူး။ ပြောရရင် ရင့်ကျက်တဲ့သူနဲ့ မရင့်ကျက်တဲ့သူနဲ့ အပြောအဆို၊ အပြုအမူ၊ အတွေးအခေါ်ကအစ ဆီနဲ့ရေလို အရမ်းကွာခြားတာကို
အားလုံး သိကြမှာပါ။ အသက်ကြီးတိုင်းလည်း ရင့်ကျက်လားဆိုတော့ မဟုတ်ပါဘူး အသက်သာကြီးတာ ကလေးလို လုပ်နေတဲ့သူတွေ အများကြီးရှိသလို အသက်ငယ်ငယ်လေးနဲ့ မထင်ထားလောက်အောင် ရင့်ကျက်နေသူတွေလည်း အများကြီးပါပဲ။ ဒါပေမယ့် ရင့်ကျက်တဲ့သူတွေအနေနဲ့ အခက်အခဲကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း၊ တည်ငြိမ်မှု၊ ခံစားချက်ကို ထိန်းချုပ်နိုင်မှု၊ စိတ်ဓာတ်ပြင်းထန်မှုတွေမှာတော့ တစ်ပန်းသာကြရတာ ထုံးစံပဲ မဟုတ်ပါလား။ ကိုယ်က ရင့်ကျက်တဲ့သူ တစ်ယောက် ဖြစ်လာချင်တယ်ဆိုရင်တော့ လောကနိယာမတွေ ဖြစ်ကြတဲ့ ဒီလိုသဘောတရားလေးတွေကိုတော့ သိထားဖို့ လိုအပ်ပါတယ်။
၁။ ကိုယ်စီစဉ်တဲ့အတိုင်း ဖြစ်ချင်မှ ဖြစ်လိမ့်မယ်
ဘဝမှာ အားလုံးကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရှိကြမှာပဲ။ ဘာတက်မယ်၊ ဘာသင်မယ်၊ ဘာတွေတတ်လာမယ်၊ ဘယ်လိုအောင်မြင်လာမယ်၊ ပြီးရင် ဘာလုပ်မယ် ဆိုတာမျိုးပေါ့။ ဒါပေမယ့်လည်း လောကကြီးက မာယာများတဲ့ သူ့သဘာဝအတိုင်း တစ်ခါတစ်လေ မျှော်လင့်ချက်တွေကို ရိုက်ချိုးတတ်ပါတယ်။ ဒီလိုပါပဲ ဘဝမှာလည်း ကိုယ်စီစဉ်ထားသလို စဉ်းစားတွက်ချက်ထားသလို ကိစ္စတွေက ဖြစ်ချင်မှ ဖြစ်လာတာပါ။ တစ်ဘဝလုံးစာ မပြောနဲ့ မနက်ဖြန်အတွက် စီစဉ်ထားတာတောင် အဲလိုသေချာပေါက်ဖြစ်မယ်လို့ အာမမခံနိုင်ပါဘူး။ ပန်းခင်းလမ်း ဖြစ်မယ်လို့ ကိုယ်ထင်ထားတဲ့ လမ်းက ကြမ်းတမ်းတဲ့ ခယောင်းလမ်းလည်း ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ကိစ္စတိုင်းမှာ အဆိုးဆုံး အခြေအနေအထိ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ ဒီလိုမှပဲ ကိစ္စတွေ လွဲမှားလာတဲ့အခါ အနည်းဆုံးတော့ အကြီးအကျယ် မလဲပြိုသွားဘူးပေါ့။
၂။ အမြဲတမ်း မရှုံးဘူး
အရှုံးကတော့ လူတိုင်း ရင်ဆိုင်ရမှာပါ ကိစ္စကြီးကြီး ဖြစ်ဖြစ်၊ ကိစ္စသေးသေးလေး ဖြစ်ဖြစ် အမြဲအောင်မြင်တယ် ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဒီလိုဆိုတိုင်း ကိုယ်အမြဲတမ်း ရှုံးနေမယ်လို့ ဆိုလိုတာလည်း မဟုတ်ပါဘူး။ အမြဲ မအောင်မြင်နိုင်သလိုပဲ အမြဲလည်း မရှုံးနိမ့်နိုင်ပါဘူး။ အရှုံးတစ်လှည့် အနိုင်တစ်လှည့် ဖြစ်နေမှာပါ။ ဒါကြောင့် အရမ်းလည်း စိတ်ဓာတ်မကျပါနဲ့၊ ကိုယ့်ဘဝကြီး ပြီးဆုံးသွားပြီဆိုတာမျိုးလည်း မထင်လိုက်ပါနဲ့။ အရှုံးပြီးရင် အနိုင်လာဦးမှာပါ။ ဒါပေမယ့် နောက်ထပ်ရောက်လာမယ့် အရှုံးအတွက်လည်း ကြိုတင်ပြင်ဆင်မှု ရှိပါစေနော်။
၃။ တစ်ခါတစ်လေ သစ္စာဖောက်ခံရမယ်
“လူယုံသတ်တယ်” ဆိုတဲ့စကားမျိုး ကြားဖူးကြမှာပေါ့။ အခုကိုယ့်ဘေးမှာ ရှိနေတဲ့သူတွေ အားလုံးက ကိုယ့်ကို အမြဲတမ်း သစ္စာရှိနေတာမျိုး ဖြစ်ချင်မှ ဖြစ်မှာပါ။ သူတို့တွေ တစ်ခုခုလိုချင်လို့ ကိုယ့်အနား ဝဲနေတာလည်း ဖြစ်နိုင်တယ်၊ ကိုယ့်ကို သတ်ဖို့ တမင် ကိုယ့်အနားလာတာလည်း ဖြစ်နိုင်တယ်၊ ကိုယ့်ကို တကယ်ချစ်လို့ ကိုယ့်အနား ရှိနေတာလည်း ဖြစ်နိုင်တယ်။ မိတ်ဆွေစစ်နဲ့ မိတ်ဆွေတုတွေကိုတော့ ကိုယ့်ဘာသာ ဆင်ခြင်ပြီး ခွဲခြားပေါ့။ လူတိုင်းကတော့ စစ်မှန်တဲ့ သူငယ်ချင်းတွေ ဖြစ်မလာနိုင်ဘူးလေ။ ဒါပေမယ့် ဒီနေရာမှာ တစ်ခုသိထားရမှာက ဘဝဆိုတဲ့ လမ်းကြောင်းထဲ ရောက်လာပြီဆိုရင် နောက်ကျောဓားနဲ့ ထိုးတာမျိုးလည်း ခံရတဲ့အချိန် ရှိမှာပဲ၊ လူယုံ သတ်တာ ခံရတဲ့ အချိန်လည်း ရှိမှာပဲ။ ဒီအချက်ကို ဘယ်တော့မှ မမေ့ပါနဲ့။ ဒါလောကသဘာဝပါပဲ။
၎။ ကိုယ့်ကိုယ်ကိုယ် အထင်မကြီးနဲ့
များသောအားဖြင့် ကိုယ့်သေတွင်း ကိုယ်တူးမိရတဲ့ အကြောင်းအရင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမိတတ်ကြလို့ပါပဲ။ ကိုယ်လုပ်တာကို အဟုတ်ကြီးထင်၊ လူတတ်ကြီးလုပ်၊ အသံကောင်း ဟစ်ပြီး ကိုယ်တိုင်ပဲ ကျရှုံးသွားတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဇွတ်အထင်မကြီးပါနဲ့ ပြီးတော့ သူများကိုလည်း သွားပြီးတော့ အထင်မသေးပါနဲ့။ သူက ကိုယ့်ထက် တော်ရင်တော်နေမှာ ဘယ်သူသိမှာလဲ။ ပြောရရင် သူများကို အထင်သေးတာ၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာတွေက ဘာမှသုံးစားမရတဲ့ အရာတွေပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အထင်ကြီး ဘဝင်တွေမြင့်ပြီး မျက်ကန်းတစ်ယောက် မဖြစ်ပါစေနဲ့။ အရာရာမှာ သတိလေးနဲ့ သင့်တော်သလို အလိုက်အထိုက် နေပါနော်။
၅။ ကိုယ့်ဘဝက ကိုယ့်ရွေးချယ်မှုအပေါ် မူတည်တယ်
ကိုယ့်ဘဝကို ထိန်းချုပ်ပဲ့ကိုင်သူတွေဟာ ကိုယ်ကိုယ်တိုင်သာဖြစ်လို့ ကိုယ့်ရွေးချယ်မှုတွေအလိုက် ကိုယ့်ဘဝက ပြောင်းလဲနေမှာပါ။ ကိုယ်ထိန်းချုပ်လို့ မရတဲ့အရာတွေ ဘဝမှာ ဖြစ်လာတာ အများကြီး ရှိတယ်၊ အဲဒီအရာတွေအပေါ် အမျိုးမျိုး တုံ့ပြန်ကြတယ်၊ ရွေးချယ်ကြတယ် အဲဒီကိုယ်ရွေးလိုက်တဲ့ အကျိုးဆက်က ကိုယ်ခံစားရမယ့် အရာပါပဲ။ ကောင်းတာလည်း ဖြစ်ရင်ဖြစ်မယ်၊ ဆိုးတာလည်း ဖြစ်ရင်ဖြစ်မယ်ပေါ့။ တစ်ချိန်လုံး ရွေးချယ်မှုတွေ လုပ်ပြီး ဒီနေရာ ဒီအနေအထား ရောက်လာတာလေ အဲဒါသူများကို အပြစ်မတင်နဲ့ပေါ့။ နောက်လည်း ရွေးချယ်မှုတွေ အများကြီး လုပ်ပြီး ဘဝကို ပုံဖော်ရဦးမယ်။ ကိုယ့်ဘဝကို ကိုယ်ဘယ်လို ပုံဖော်မလဲဆိုတာကတော့ ကိုယ့်ရွေးချယ်မှုအပေါ်သာ မူတည်တာပါ။
၆။ ယုံကြည်ချက်ရှိပါစေ
ရင့်ကျက်တဲ့သူတွေရဲ့ အားသာချက်တစ်ခုက သူတို့ကို ကြည့်လိုက်ရင် ယုံကြည်ချက် အမြဲတမ်း ရှိနေတတ်တာပါ။ သူတို့ ဘယ်လိုပုံစံပဲ ဖြစ်နေနေ ရှက်မနေဘူး၊ ဘယ်လိုအခြေအနေပဲ ရောက်နေနေ လက်မလျှော့ဘူး၊ ဘာပဲကြုံရ ကြုံရ ဖြတ်ကျော်နိုင်မယ်လို့ ယုံကြည်ချက်ရှိတယ်။ ဒါသူတို့ရဲ့ အကြီးမားဆုံး အားသာချက်ဖြစ်သလို သူများကို လွှမ်းမိုးနိုင်ရတဲ့ အချက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ။ ဝတာ ပိန်တာ မဲတာ ဖြူတာ တော်တာ မတော်တာ ဘာမှအရေးမကြီးပါဘူး။ ကိုယ်ဘာလုပ်နေသလဲ ဆိုတာကသာ အရေးကြီးတာမို့ ဘာမဟုတ်တဲ့ ကိစ္စတွေနဲ့ ကိုယ့်ယုံကြည်ချက် အပျောက်မခံပါနဲ့။ ရင့်ကျက်တဲ့သူတွေက ဒီအချက်တွေကို ဂရုမစိုက်ကြပါဘူး။ အဲတော့ ဘေးဖယ်ထားလိုက်ပါ။
တကယ်ရင့်ကျက်တဲ့ သူတစ်ယောက် ဖြစ်ဖို့ဆိုရင် ဒီလိုအချက်လေးတွေကို သိထားဖို့ လိုအပ်ပြီး လက်ခံထားဖို့လည်း လိုပါတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း သတိပေးဖို့လည်း မမေ့ပါနဲ့။ ဒီလိုဆို ကိုယ့်ဘ၀ အတွေ့အကြုံတွေ၊ ဗဟုသုတတွေနဲ့ ပေါင်းပြီး ပိုရင့်ကျက်တဲ့သူတစ်ယောက် ဖြစ်လာနိုင်မှာပါ။
Source: Livethedream