စိတ်ဖိစီးမှုကို ဘယ်သူမှ မလိုချင်ကြပါဘူး။ ဒါပေမယ့် စိတ်ဖိစီးမှုတိုင်းက မကောင်းတာတော့ မဟုတ်ပါဘူး။
စိတ်ကို ညစ်ညူးစေနိုင်တဲ့ စိတ်ဖိစီးမှုတွေကို စနစ်တကျကိုင်တွယ်ဖြေရှင်းနိုင်တဲ့အခါမှာ စိတ်ဖိစီးမှုက အပြုသဘောဆောင်တဲ့ ဦးတည်မှုဆီကို ပြောင်းလဲလာနိုင်ပါတယ်။
စိတ်ဖိစီးမှုဟာ ဘ၀ရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ရှောင်လွှဲနိုင်ဖို့ ကြိုးစားလေလေ၊ ပိုပြီးတွေ့ကြုံခံစားရလေပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုကို လက်ခံနိုင်ပြီဆိုရင်တော့ ပိုပြီးခက်ခဲကြမ်းတမ်းတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်တဲ့အထိ သန်မာလာစေနိုင်ပါတယ်။
၁။ စိတ်ဖိစီးမှုဖြစ်စေတဲ့ အချက်တွေကို ရှာပါ။
စိတ်ကို အနှောင့်အယှက်ပေးပြီး ဖိစီးမှုဖြစ်စေနိုင်တဲ့ အကြောင်းရင်း၊ အခြေအနေကို သိအောင်ဖော်ထုတ်လိုက်တာက ဦးနှောက်ကို ရှင်းလင်းသွားစေနိုင်ပါတယ်။ စိတ်ဖိစီးမှုဟာ သူ့အလိုလိုပျောက်သွားမယ့်အရာမဟုတ်ပါဘူး။ ဒါ့ကြောင့် စိတ်ဖီစီးစရာ အကြောင်းရင်းတွေကနေ ရှောင်တိမ်း၊ ဖုံးကွယ်နေမယ့်အစား ရင်ဆိုင်ဖြေရှင်းလိုက်တာက အကျိုးသက်ရောက်မှုကို လျော့နည်းသွားစေနိုင်ပါတယ်။
စိတ်ဖိစီးစရာ အကြောင်းကိစ္စတစ်ခုခုကို တုံ့ပြန်ချိန်နှောင့်နှေးတာကလည်း ဖြေရှင်းရပိုလွယ်သွားစေပါတယ်။ သတင်းဆိုးတစ်ခုခုကို ကြားလိုက်ရတဲ့အခါမှာ စိတ်အနှောင့်အယှက်ဖြစ်သွားပြီး ချက်ချင်းအရေးယူတုံ့ပြန်ဖို့ မကြိုးစားပါနဲ့။ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ အချိန်တစ်ခု သတ်မှတ်ထားလိုက်ပါ။ ခေါင်းအေးအေးနဲ့ ရင်ဆိုင်ဖြေရှင်းရင် ထင်ထားသလောက် မခက်ခဲတာကို တွေ့ရမှာပါ။ ပြဿနာက ချက်ချင်းဖြေရှင်းဖို့ လိုမယ်ဆိုရင်တောင် ခဏလောက်ဖြစ်ဖြစ် စိတ်အေးအေးထားပြီး ဘယ်လိုဘယ်နည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုတာကို စဉ်းစားပြီးမှ လုပ်ဆောင်ပါ။
၂။ စိတ်ဖိစီးမှုကို သေးငယ်တဲ့အစိတ်အပိုင်းလေးတွေအဖြစ် ခွဲခြမ်းပါ။
ပြဿနာကြီးလေလေ၊ စိတ်ဖိစီးစရာများလေပါပဲ။ ဒါ့ကြောင့် စိတ်ဖိစီးစရာများတဲ့ ပြဿနာအကြီးကြီးတွေကို တစ်ခါထဲ ရင်ဆိုင်ဖြေရှင်းတာထက် တစ်ခုချင်းစီခွဲခြမ်းစိတ်ဖြာပြီး ကိုယ်တိုင်လုပ်သင့်တာလုပ်၊ တာဝန်လွှဲပေးသင့်တာတွေကို လွှဲပေးလိုက်မယ်ဆိုရင် ပိုလွယ်သွားပါလိမ့်မယ်။ ဒီလို ခွဲခြမ်းစိတ်ဖြာလိုက်ခြင်းအားဖြင့် တစ်ဦးတစ်ယောက်ချင်းရဲ့ စိတ်ဖိစီးမှုတွေ လျော့ပါးသက်သာသွားပြီး အကောင်းဆုံးအဖြေကို ရှာနိုင်လာပါလိမ့်မယ်။
၃။ စိတ်ဖိစီးမှုကို တိကျတဲ့အချက်အလက်အဖြစ် ပြောင်းလဲပါ။
စိတ်ဖိစီးစရာကို စိုးရိမ်နေတာက ဦးတည်ချက်မရှိပါဘူး။ စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ ပတ်ဝန်းကျင်မှာ လူတွေက ဘာမှန်းမသိ စိတ်ညစ်နေတတ်ကြပါတယ်။ ဒီအခြေအနေမျိုးမှာ စိတ်ဖိစီးရတဲ့ အချက်တွေကို တိကျသေချာပြီး ဖြေရှင်းနိုင်မယ့် အချက်တွေအဖြစ် ပြောင်းလဲဖော်ထုတ်ဖို့ လိုပါတယ်။
စိတ်ဖိစီးမှုဆိုတာ ရှောင်လွှဲလို့ မရနိုင်တဲ့အရာဖြစ်ပါတယ်။ လျှော့ချလို့ပဲ ရပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုတွေကို နည်းလမ်းတကျနဲ့ စိတ်အားတက်ကြွစရာတွေအဖြစ် ပြောင်းလဲနိုင်ဖို့ အရေးကြီးပါတယ်။
Source: Gentleman Magazine