လူငယ်တွေတော်တော်များများဟာ လမ်းကြောင်းတစ်ခုပေါ်မှာ လျှောက်နေရင်းနဲ့ပဲ လမ်းပျောက်သွားတတ်ကြပါတယ်။ သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ ဖြစ်ချင်တာကတစ်မျိုး၊ မိသားစုတွေနဲ့စကားပြောဖြစ်တဲ့အခါ ဖြစ်ချင်တာနောက်တစ်ခုပြောင်းသွားပြန်ရော။
ကိုယ်လေးစားချစ်ခင်ရတဲ့သူတွေနဲ့ တွေ့ပြန်တော့လည်း သူတို့လိုအောင်မြင်ချင်။ ဒီလိုနဲ့ပဲ ကိုယ်ပိုင်ရွေးချယ်ထားတဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကနေ ဟိုဟာဖြစ်ချင်လိုက်၊ ဒီဟာဖြစ်ချင်လိုက်နဲ့ လမ်းကြောင်းတွေပြောင်းသွားတတ်ပါတယ်။ ဒါဟာ ကျွန်မတို့ကို အလုပ်အကိုင်နဲ့ပတ်သက်ပြီး ရှုံးနိမ့်စေတဲ့ အကြောင်းပြချက်ကြီးတစ်ခုပါ။ ဒီတော့ ဒီလိုမဖြစ်ရလေအောင် ကျွန်တော်တို့ ဘယ်လိုရပ်တည်ကြမလဲ။
ပထမဦးဆုံးအနေနဲ့ အကြံပေးချင်တာကတော့ ကိုယ်ဖြစ်ချင်တာနဲ့ ကိုယ်ဖြစ်သင့်တာကို ရှာဖွေစေချင်ပါတယ်။ ဖြစ်ချင်တာတစ်ခုထဲနဲ့လည်း အလုပ်မဖြစ်ပါဘူး။ ဖြစ်သင့်တာလေးတွေပါ ယှဉ်တွဲပါလာမှ အောင်မြင်နိုင်ချေပိုများလာမှာပါ။ လူတိုင်းက အောင်မြင်ချင်တဲ့သူတွေချည်းပါပဲ။ ဒါပေမယ့် သူတို့အားလုံး ဘာလို့မအောင်မြင်ကြသေးတာလဲဆိုရင် ဒီအချက်ကို ထည့်သွင်းစဉ်းစားခြင်း မရှိလို့ပါပဲ။ ဥပမာ ကိုယ်ဖြစ်ချင်တာက နိုင်ငံခြားမှာ နေချင်ထိုင်ချင်သွားလာချင်တာ။ နိုင်ငံခြားမှာအလုပ်တွေလုပ်ချင်တာ။ ဒါပေမယ့် ဖြစ်နေတာက ကိုယ့်နိုင်ငံက ကုမ္ပဏီဝန်ထမ်း။ ဒါပေမယ့် ဘာဖြစ်လဲ။ ကြိုးစားမယ်ဆိုရင် နိုင်ငံခြားအထိသွားလာရပြီး ကုမ္ပဏီနဲ့ပတ်သက်တာတွေ လုပ်ကိုင်ပေးရတဲ့ ရာထူးကြီးကြီးဝန်ထမ်းတစ်ဦး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ် ဘာဖြစ်ချင်တာလဲ။ ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်း၊ မိသားစုနဲ့ပတ်သက်ပြီး ကိုယ်က ဘာဖြစ်သင့်တာလဲ။ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကြားမှာ ဘယ်လိုညှိယူလို့ရလဲ စသည်ဖြင့် စဉ်းစားကြပါလို့ တိုက်တွန်းချင်ပါတယ်။
နောက်တစ်ချက်ကတော့ လမ်းကြောင်းမလွဲသွားဖို့ပါပဲ။ ကိုယ်ဖြစ်ချင်တဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုကို ရွေးချယ်တော့မယ်ဆိုရင် ဖြစ်နိုင်ရင် ညပေါင်းများစွာ နှဖူးပေါ်လက်တင်ပြီး စဉ်းစားပါ။ စဉ်းစားပြီးလို့ ဆုံးဖြတ်ချက်ချမှတ်ပြီးသွားပြီဆိုရင်လည်း မဆုတ်မနစ် ကြိုးစားအားထုတ် လုပ်ကိုင်ရပါတော့မယ်။ လမ်းတစ်ဝက်ရောက်ခါမှ သူငယ်ချင်းတွေနဲ့ တွေ့လို့ “ မင်း ဟိုဟာလုပ်ပါလား၊ ဒီဟာလုပ်ပါလား ” ဆိုတဲ့ စကားတွေကြောင့် လွယ်လွယ်လေးနဲ့ လမ်းကြောင်းထပ်ပြောင်းဖို့ မဖြစ်နိုင်ဘူးဆိုတာကို နားလည်ပါ။
Recommended for you - “အမှတ်” က တကယ်အရေးကြီးသလား???
ဒါ့အပြင် ကိုယ်ဆုံးဖြတ်ချက်ချမှတ်လုပ်ကိုင်မယ့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို မယုံကြည်ရင် အစကတည်းက မိသားစုအသိုင်းအဝိုင်းနဲ့ တိုင်ပင်ဆွေးနွေးပါ။ ရွေးချယ်ပြီးကာမှ သူတစ်ပါးရဲ့ ဝေဖန်ချက်တွေကြောင့် လက်လျှော့ပစ်လိုက်ရင် တခြားလမ်းကြောင်းတစ်ခုကို သုညကနေ ပြန်စရမယ်ဆိုတာကို မမေ့ပါနဲ့။ ဖြစ်နိုင်ရဲ့လားဆိုတာ မစခင်ကတည်းက စဉ်းစားတိုင်ပင်ကြည့်ပါ။
ငယ်စဉ်ကတည်းက လေ့လာပြီးဆုံးဖြတ်ဖို့လည်း အကြံပြုပါရစေ။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးကတည်းက ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာနဲ့ ကိုက်ညီမယ့် တက္ကသိုလ်ရွေးချယ်မှုတွေ၊ အလုပ်အကိုင်လမ်းကြောင်းရွေးချယ်မှုအတွက် အသုံးဝင်လာမယ့် သင်တန်းတွေနဲ့ လေ့လာဆည်းပူးမှုတွေကို အစပျိုးထားရပါတော့မယ်။ ဒီလိုမှမဟုတ်ဘဲ ဘွဲ့ရပြီး အလုပ်ရှာမှ “ ဒီအလုပ်ကြီးမလုပ်ချင်ဘူး။ ငါရထားတဲ့ ဘွဲ့ကြီးကလည်း ငါလုပ်ချင်တဲ့အလုပ်နဲ့ မသင့်တော်ပါလား ” စတာတွေ မဖြစ်ရဖို့ ကြိုတင်ပြင်ဆင်ရပါလိမ့်မယ်။
အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုဟာ ကျွန်မတို့ ဘာကောင်ကြီးတွေဖြစ်သွားမှာလဲဆိုတာကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ကလည်း ကိုယ့်ရဲ့သားသမီးတွေ ငယ်ရွယ်စဉ်ကတည်းက သူတို့ရဲ့ ဝါသနာ၊ စိတ်ဝင်စားမှုနဲ့ လုပ်နိုင်အားတွေအပေါ်မူတည်ပြီး တိကျသေချာတဲ့ ပညာရေးလမ်းကြောင်းတစ်ခုပေါ် တွန်းတင်ပေးနိုင်ဖို့ လိုအပ်သလို ကာယကံရှင်လူငယ်တွေအနေနဲ့ကလည်း ကိုယ်ဖြစ်ချင်လုပ်ချင်တဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုကို ရွေးချယ်ပြီးရင် မဆုတ်မနစ် ကြိုးစားအားထုတ်လုပ်ကိုင်ဖို့ လိုအပ်ပါတယ်။ “ အလုပ်ဟူသမျှ ဂုဏ်ရှိစွ ” ဆိုတဲ့ စကားပုံလေးအတိုင်းပါပဲ။ သူကတော့ ဆရာဝန်ဖြစ်နေပြီ။ ငါကတော့ ကျောင်းဆရာမို့လို့ဆိုတဲ့ အတွေးမျိုးမတွေးဘဲ သူကတော့ ဆရာဝန်ဖြစ်နေပြီ။ ငါကလည်း မကြာခင် ပညာရေးစနစ်ကို မှန်ကန်စွာ အဓိပ္ပါယ်ဖော်ဆောင်ပေးနိုင်တဲ့ ပါမောက္ခကြီး၊ ကျောင်းအုပ်ဆရာကြီး ဖြစ်လာရမယ်ဆိုတဲ့ အတွေးမျိုးကို မွေးပါ။
တကယ်တော့ မအောင်မြင်သေးတာ၊ လစာမကောင်းသေးတာက စိတ်ညစ်စရာမဟုတ်သေးပါဘူး။ ကိုယ်ရွေးချယ်ထားတဲ့ အသက်မွေးဝမ်းကျောင်းပညာကို လက်လျှော့ပြီး လမ်းတစ်ဝက်ကနေ လှည့်ပြန်ရင်း နောက်တစ်လမ်းကို ရွေးချယ်လျှောက်လှမ်းတာကမှ ကြီးမားတဲ့စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာမှာပါ။ အသက်အရွယ်တွေကြီးရင့်လာလေ လမ်းကြောင်းတစ်ခုကို နောက်ပြန်လှည့်ဖို့ ခက်ခဲလာလေဖြစ်တာမို့လို့ အရာအားလုံးအတွက် ကြိုတင်စဉ်းစားဆင်ခြင် ပြင်ဆင်မှုတွေပြုလုပ်ပြီး လူငယ်တွေ လမ်းသစ်ထွင်ကာ လမ်းကြောင်းမှန်ပေါ်ရောက်ရှိကြပါစေ။
Recommended for you - တစ်ယောက်တည်း အထီးကျန်တဲ့အခါ ပြုလုပ်သင့်တဲ့ အချက် (၅) ချက်
Recommended for you - မည်သူမဆို အခမဲ့ တက်ရောက်လေ့လာနိုင်တဲ့ Japan Education Fair
Credit; Moethaesay (Akhayar)