သီတင်းတစ်ပတ်ရဲ့ တနင်္လာနေ့တိုင်းမှာ ဒါမှမဟုတ် နှစ်သစ်တစ်နှစ်ရဲ့အစမှာ အခုချိန်ကစပြီး ဘာတွေလုပ်မယ်ဆိုပြီး ဆုံးဖြတ်ဖူးပါသလား။ ဥပမာပြောရင် ဒီနေ့ကစပြီး ငါ ဝိတ်ချမယ်၊ ဆေးလိပ်ဖြတ်မယ် စသဖြင့်ပေါ့။
ဒီလိုစိတ်ပိုင်းဖြတ်ပေမယ့် အချိန်တစ်ပတ်လောက် ကြာပြီးတဲ့နောက်မှာ အရာအားလုံးဟာ ဘာမှထူးခြားမလာပဲ ပုံမှန်အတိုင်းပြန်ဖြစ်သွားတာမျိုး ဖြစ်ဖူးမှာသေချာပါတယ်။ ဘာကြောင့်များ ဒီလို စိတ်ပိုင်းဖြတ်မှုတွေ ပျောက်ဆုံးသွားရတာပါလဲ။ အဖြေကတော့ အပျင်းကြီးလို့၊ ပြောင်းလဲချင်စိတ်မရှိလို့ ဆိုတာတွေထက် စိတ်ဓာတ်ခွန်အား စိတ်စွမ်းအား မရှိလို့ပဲဖြစ်ပါတယ်။
စိတ်ခွန်အားနဲ့ပတ်သက်ပြီး သင် သိထားရမယ့် အရေးကြီးအချက်နှစ်ခု ရှိပါတယ်။
- စိတ်ခွန်အားဟာ အကန့်အသတ်နဲ့ပဲရှိတဲ့ ရင်းမြစ်တစ်ခုဖြစ်ပါတယ်။ ကိစ္စတစ်ခုအတွက် စိတ်စွမ်းအားအကုန် ထုတ်သုံးလိုက်ရင် နောက်ကိစ္စတစ်ခုအတွက် အာရုံစိုက်နိုင်ဖို့ စိတ်ဓာတ်ခွန်အား ကင်းမဲ့သွားနိုင်ပါတယ်။
- စိတ်ခွန်အားဟာ ခန္ဓာကိုယ်ကြွက်သားတွေလိုပဲ။ သန်မာလာအောင် လေ့ကျင့်ပေးနိုင်ပါတယ်။
စိတ်ခွန်အားဟာ ဘာကြောင့်အရေးကြီးတာပါလဲ?
စိတ်ခွန်အားဟာ မကောင်းတဲ့အလေ့အကျင့်တွေ၊ ပဋိပက္ခတွေ၊ လူမှုဆက်ဆံရေးကိစ္စတွေနဲ့ လုပ်ငန်းခွင်အတွင်းမှာ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်မှုနဲ့ သက်ဆိုင်ပါတယ်။ စိတ်ဓာတ်ခွန်အားကျဆင်းနေပြီး ရည်ရွယ်ထားသမျှဖြစ်မလာတဲ့အခါမှာ မိမိကိုယ်ကိုလေးစားမှုမရှိတော့ပဲ စိတ်ကူးတည့်ရာတွေပဲ လျှောက်လုပ်နေတတ်ပါတယ်။ စိတ်ခွန်အားသုံးလွန်းတဲ့အခါမှာလည်း အားနည်းသွားတတ်ပြီး ဘာဆိုဘာမှမတွေးချင် မလုပ်ချင်လောက်အောင် ဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့စိတ်ဓာတ်ခွန်အားကို တိုးမြှင့်နိုင်ဖို့ လုပ်ဆောင်သင့်တဲ့ နည်းလမ်း (၇)ခုကို ဖော်ပြလိုက်ပါတယ်။
၁။ စိတ်ခွန်အားကို ဂရုတစိုက်အသုံးပြုပါ
နှစ်သစ်အချိန်ကနေစပြီး ဘာလုပ်မယ် ဘာကိုင်မယ်ဆိုတဲ့ နှစ်သစ်ကူးဆုံးဖြတ်ချက်တွေက အလကားဖြစ်သွားတတ်ကြတာ များပါတယ်။ ဝိတ်လျှော့မယ်ဆိုပြီး အားကစားသင်တန်းကြေးတွေ သွင်း၊ ဝတ်စုံတွေဝယ်၊ ရည်မှန်းချက်အပြည့်နဲ့ အားကစားခန်းမကိုသွားမယ်။ ပြီးတော့ တစ်ရက်လောက်လုပ်ပြီး ပင်ပန်းလို့ ဆက်မသွားဖြစ်တော့တာမျိုးကို ဆိုလိုပါတယ်။ ဒါဟာ စိတ်စွမ်းအားကို နေရာမှန်၊ နည်းလမ်းမှန် အသုံးမချတတ်လို့ ဖြစ်တာပါ။ ဒီလိုလုပ်မယ့်အစား -
၂။ အသေးအမွှားကနေ စတင်ပါ
မကောင်းတဲ့အကျင့်တစ်ခုကို တစ်ခါတည်းအပြီးဖျောက်ပစ်ဖို့ ကြိုးစားတာထက် တဖြည်းဖြည်းချင်း လျှော့ချဖြတ်တောက်တာက အကောင်းဆုံးပါပဲ။ ဒီလိုပါပဲ။ ဘယ်ကိစ္စမဆို အနည်းအကျဉ်းလောက်ကနေ စတင်ပြီး လုပ်ဆောင်တတ်ဖို့ လိုပါတယ်။ ဥပမာ တစ်နေ့ကို ဒိုက်အခါ (၅၀)ထိုးနိုင်ဖို့ ရည်မှန်းထားရင် တစ်နေ့ တစ်ကြိမ်လောက်ပဲ အရင်လုပ်ဖြစ်အောင်လုပ်ပါ။ အမြဲတမ်းတစ်ကြိမ်လုပ်ဖြစ်နေပြီဆိုရင် နည်းနည်းတိုးပြီး သုံးကြိမ်လုပ်ပါ။ ဒီလိုနဲ့ တစ်ဖြည်းဖြည်းချင်းတိုးပြီး လုပ်ဆောင်တာမျိုးဖြစ်ပါတယ်။
၃။ သင့်ကို စိတ်ရှုပ်စရာဖြစ်စေနိုင်သူတွေနဲ့ ဆက်ဆံမှုကို ထိန်းချုပ်ပါ
တကယ်တော့ ဒီလိုလူမျိုးတွေကို သင့်ရဲ့ဘဝထဲက အပြီးအပိုင်ထုတ်ပယ်ပစ်လိုက်ရမှာပါ။ သူတို့ရဲ့ ဝမ်းနည်းပူဆွေးစရာတွေ၊ စိတ်ရှုပ်စရာကိစ္စတွေနဲ့ သင့်ကို စိတ်ဆင်းရဲစေမယ့်သူတွေနဲ့ ပတ်သက်ဆက်ဆံရတာဟာ သင့်ရဲ့စိတ်စွမ်းအားကို ယုတ်လျော့စေပါတယ်။
Recommended for you - တက္ကသိုလ်တက်ရန် ပြင်ဆင်နေသော ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်တဲ့ ပညာသင်ဆု
၎။ အစီအစဉ်ရေးဆွဲပါ
တစ်နေ့တာလှုပ်ရှားရုန်းကန်ရင်း စိတ်ဓာတ်ခွန်အားကို အကုန်သုံးမိလိုက်တဲ့အခါမှာ ညစာစားဖို့ကိုတောင်မှ ဘာစားရကောင်းမလဲ မစဉ်းစားနိုင်တော့ပါဘူး။ ဒါ့ကြောင့် စိတ်ခွန်အားစိုက်ထုတ်ပြီး လုပ်စရာအလုပ်တွေ အများကြီးရှိနေတယ်ဆိုရင် အလုပ်လုပ်ရင်းနဲ့ စိတ်ကိုအနားပေးနိုင်ဖို့အတွက် (၁၀)မိနစ်လောက် လမ်းလျှောက်ဖို့ ဒါမှမဟုတ် (၅)မိနစ်လောက် တရားရှု့မှတ်ဖို့ အချိန်ကို တစ်နေ့တာအစီအစဉ်ထဲမှာ ထည့်သွင်းထားသင့်ပါတယ်။
၅။ သင့်တင့်မျှတသောအစားအစာတွေ စားသုံးပါ
စိတ်ခွန်အားအသုံးပြုတာဟာ သင့်ရဲ့သွေးအတွင်း ဂလူးကို့စ်သကြားဓာတ်ကို လျော့နည်းသွားစေပါတယ်။ သွေးအတွင်းသကြားဓာတ်ဟာ ခန္ဓာကိုယ်ကြွက်သားတွေလှုပ်ရှားဖို့အတွက် စွမ်းအင်လည်းဖြစ်တာကြောင့် စိတ်ခွန်အားကုန်ခမ်းရင် ခန္ဓာကိုယ်လည်း နွမ်းနယ်လာတတ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့နေ့စဉ်စားစရာတွေထဲမှာ အင်ဆူလင်ပမာဏကိုမြင့်တက်စေတဲ့ ကစီဓာတ်နဲ့ အချိုများတဲ့စားစရာတွေကို သင့်တင်မျှတအောင်စားသုံးပေးမယ်ဆိုရင် စိတ်ခွန်အားထုတ်သုံးရပေမယ့် သကြားဓာတ်ဆုံးရှုံးမှုကို သက်သာစေမှာဖြစ်ပါတယ်။
၆။ သင့်ရဲ့အမာခံတန်ဖိုးကို ရှာဖွေပါ
အလုပ်တစ်ခုကိုလုပ်ဆောင်တဲ့အခါမှာ ဘာကြောင့် ဘာအတွက်လုပ်နေရတယ်ဆိုတဲ့ အမာခံတန်ဖိုးကို သိထားဖို့လိုပါတယ်။ ဒီလိုအမာခံတန်ဖိုးကို သိထားမှသာ စိတ်ကူးတည့်ရာတွေလျှောက်မလုပ်မိစေဖို့ ထိန်းနိုင်မှာဖြစ်ပါတယ်။
၇။ အားလုံးပြီးပြည့်စုံနေဖို့ပဲ မျှော်လင့်မနေပါနဲ့
အရာအားလုံးကို ချို့ယွင်းချက်မရှိ ပြီးပြည့်စုံနေဖို့ မျှော်လင့်လုပ်ဆောင်တာဟာလည်း သင့်ရဲ့စိတ်ခွန်အားကို အများအပြားအသုံးချရပါတယ်။ သင်ထိန်းချုပ်လို့မရနိုင်တဲ့အခြေအနေတွေမှာ မရမကထိန်းချုပ်ဖို့ကြိုးစားတာ စိတ်ပင်ပန်းရပါတယ်။ ဘဝဟာ နေတတ်ရင် ကျေနပ်စရာချည်းပါ။ နောက်ဘာဖြစ်မယ်ဆိုတာကို သင်ကြိုမသိနိုင်ပါဘူး။ ဒါ့ကြောင့် အားလုံးကို စိတ်တိုင်းကျဖြစ်အောင် ထိန်းချုပ်မနေပဲ ပျော်ပျော်နေတတ်အောင် ကြိုးစားပါ။
အခုဖော်ပြလိုက်တဲ့ အချက်တွေကို အသုံးချပြီး သင့်ရဲ့စိတ်စွမ်းအားကို ကြံ့ခိုင်လာအောင် လေ့ကျင့်ပါ။ ပြီးတော့ လုပ်ဆောင်စရာတွေများလွန်းလှတဲ့ ဘဝမှာ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ သင့်ရဲ့ပန်းတိုင်ဆီကို လျှောက်လှမ်းလိုက်ပါ။
Recommended for you - Scholarship ပြင်ဆင်နည်း
Recommended for you - တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့် လျှောက်လွှာများ အလွန်ဆုံးရက်ပိုင်းသာ နောက်ကျခွင့်ရှိမည်
Credit; Gentleman Magazine