လူတွေရဲ့သဘာဝကိုက အရှုံးဆိုတာမျိုးကို လက်ခံရမှာအရမ်းကြောက်တတ်ကြပါတယ်။ ကိုယ်လက်ခံလိုက်ရတဲ့ အရှုံးတစ်ခုကြောင့် လူတွေကဲ့ရဲ့ရှုတ်ချမှာကိုလည်း စိုးရိမ်ပူပန်တတ်ကြပါသေးတယ်။
ဒါကြောင့် အရှုံးကို ရင်မဆိုင်ချင်ဘူး။ အရှုံးဆိုတဲ့ အရာကို ကြောက်လန့်တာနဲ့ ကစားပွဲတစ်ခုကို ဝင်မပြိုင်တော့ဘူးလား။ သင်ဝင်မပြိုင်လိုက်တာနဲ့ အရှုံးပေးလိုက်သလိုပါပဲ။
လူဆိုတာ ကလေးဘဝတုန်းက အရှုံးဆိုတာကို မကြောက်ခဲ့ပါဘူး။ တနှစ်သားအရွယ် ကလေးငယ်ဟာ လမ်းလျှောက်ဖို့ ခြေတစ်လှမ်း စလှမ်းတယ်။ ကြမ်းပြင်ပေါ် လဲကျသွားတယ်။ သူ ငိုတယ်။ ဒါပေမဲ့ ပြန်ထပြီး ခြေလှမ်းလှမ်းပြန်တယ်။ လဲကျပြန်တယ်။ ပြန်ထတယ်။ နောက်တော့ မလဲကျပဲ ခြေတစ်လှမ်း စလှမ်း နိုင်လာတယ်။ ၂ လှမ်း မြောက်မှာ လဲကျပြန်တယ်။ ငိုတယ်။ ပြန်ထပြီး ထပ်လျှောက်တယ်။ နောက်တော့ ၃ - ၄ လှမ်း လျှောက်ရင်း လမ်းလျှောက်တတ်သွားတယ်။ မကြာခင် ပြေးတောင် ပြေးနိုင်လာတယ်။
ကလေးဟာ ကြီးလာတဲ့အခါ မိဘက ပြောကြတယ်။ “ သား ဒီနေ့ကျောင်းမှာ အပြေးပြိုင်ပွဲ ရှိတယ်ဆို။ နိုင်အောင် ပြေးနော်။ သား ပထမဆုရပြီး ပြန်လာရင် အမေနဲ့ အဖေတို့က ဆုထပ်ပေးအုံးမယ်။ ပထမ မရရင်တောင် အနည်းဆုံး တတိယဆုလောက်တော့ ရအောင်လုပ်။ အဲဒါလောက်မှ ရမလာရင်တော့ အမေတို့ သားကို မချစ်တော့ဘူး ” ဒီစကားလေးတွေကြားရတဲ့ ကလေးဟာ ကြီးလာတဲ့အခါမှာ အရှုံးဆိုတာကို ရင်မဆိုင်ရဲတော့ဘူး။
အရှုံးဆိုတာ ရှက်စရာကြီးပါလားလို့ ထင်လာတယ်။ အနိုင်အရှုံးမသေချာရင် ရှုံးမှာကြောက်ပြီး ဘာမှမလုပ်တော့ဘူး။ မစွန့်စားရဲတော့ဘူး။ အောင်မြင်သူတွေကတော့ အရှုံးကို မကြောက်ကြဘူး။ မကြောက်ရုံတင်မက အရှုံးကို ကြိုဆိုကြသေးတယ်။ အရှုံးဆိုတာ အောင်မြင်မှုရဲ့ အစိတ်အပိုင်းတစ်ခုလို့ သတ်မှတ်ထားကြတယ်။
Recommended for you - အခမဲ့ သင်ကြားပေးမည့် ဆောက်လုပ်ရေးနည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ
အောင်မြင်သူတွေဟာ တစ်ခုခုကို ကြိုးစားလို့ မအောင်မြင်တာကို ရှုံးနိမ့်သွားတယ်လို့ မယူဆကြဘူး။ မအောင်မြင်တာကို စမ်းသပ်မှုတစ်ခုလို့ပဲ ယူဆကြတယ်။ သူတို့ရဲ့ အဘိဓါန်မှာ “ အရှုံး ” ဆိုတဲ့ ဝေါဟာရ မရှိဘူး။ စမ်းသပ်မှုကို နည်းတစ်မျိုးနဲ့ လုပ်လို့ မအောင်မြင်ရင် နောက်တစ်နည်း ပြောင်းပြီး စမ်းသပ်ကြတယ်။ အောင်မြင်တဲ့အထိ နည်းတွေ တစ်မျိုးပြီး တစ်မျိုးပြောင်းလဲစမ်းသပ်ကြတယ်။
ကြိုးစားပါ။ ကျရှုံးပါ။ မကြာခဏ ကျရှုံးပါ။ ဒါပေမဲ့ ကျရှုံးပြီးတိုင်း ပြန်ထပါ။ အဲဒီလို အရှုံးတွေနဲ့ ကြုံတိုင်း သင်ခန်းစာယူပြီး ဆက်ကြိုးစားသူဟာ ပိုပြီးတော်လာတတ်ကြတယ်။ အတွေ့အကြုံ ရင့်ကျက်လာတယ်။ သူတို့သာ အောင်မြင်သူ ဖြစ်လာကြမှာပါ။ တစ်ခါ နှစ်ခါလောက် ရှုံးနိမ့်သွားလို့ စိတ်ပျက်လက်လျော့သွားသူဟာ ဘယ်တော့မှ အောင်မြင်ကြီးပွားသူတစ်ယောက် ဖြစ်လာမှာ မဟုတ်ပါ။
လူ့ဘဝမှာ ရှုံးနိမ့်မှာကို ကြောက်လို့ မစွန့်စားရဲရင် ချို့ချို့ငဲ့ငဲ့ဘဝနဲ့ပဲ လူ့ဘဝကို ကုန်ဆုံးသွားမှာကို သတိပြုစေချင်ပါတယ်။ အသက်ကြီးလာတဲ့အခါကျမှ သားသမီးတွေက “ အဖေဟာ ငယ်ငယ်တုန်းက မစွန့်စားရဲခဲ့လို့ ငါတို့ အခုလို ဆင်းဆင်းရဲရဲ နေနေရတာပေါ့ကွာ ” လို့ အပြောမခံရပါစေနဲ့။
Recommended for you - ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ကိုယ့်ကိုယ်ကို ပုံသွင်းပေးနိုင်မယ့်နည်းလမ်း (၅)သွယ်
Recommended for you - ဓမ္မစကူးလ်ဆရာဖြစ်သင်တန်း တက်ရောက်ကြမည့် သင်တန်းသားများအတွက် သတ်မှတ်ချက်များ
Credit; သတင်းစုံ