စာမေးပွဲရှိလို့ စာကျက်ရမှန်းသိပေမယ့် စာလုပ်ဖို့အတွက် စိတ်မပါတာမျိုး စာလုပ်နေပေမယ့်လည်း လွယ်လွယ်နဲ့စာမရတာမျိုး ဖြစ်တတ်ပါတယ်။
တခါတလေဒီလိုမျိုးဖြစ်တာတွေက စာလုပ်နေတဲ့ပတ်ဝန်းကျင် ပေါ်လည်းမူတည်ပါတယ်။
ဒါဆိုရင် စာလေ့လာဖို့အဆင်ပြေသင့်တော်မယ့် ပတ်ဝန်းကျင်လေးကို ဘယ်လိုဖန်တီးကြမလဲ။
သက်တောင့်သက်သာရှိဖို့က အရေးကြီးဆုံးပါပဲ။
သင်စာလုပ်နေတဲ့နေရာက သက်တောင့်သက်သာမရှိဘူးဆိုရင် စာထဲကိုအာရုံစိုက်နိုင်မှာ မဟုတ်ပါဘူး။ အဆင်ပြေဆုံးပုံစံကတော့ စာကြည့်စားပွဲနဲ့ သက်တောင့်သက်သာရှိမယ့်ထိုင်ခုံမှာ ထိုင်ပြီးစာလုပ်တာပဲ ဖြစ်ပါတယ်။ အိပ်ယာထဲမှာ အိမ်စာတွေလုပ်တာက သက်တောင့်သက်သာရှိပေမယ့် သင့်ရဲ့ဦးနှောက်က စာလုပ်ဖို့ဆိုတာထက် တရေးလောက်အိပ်ဖို့ အနားယူဖို့အတွက် အချက်ပြမှုတွေကိုပဲ ထုတ်လွှတ်နေမှာပါ။
သင့်တော်တဲ့နေရာလေးဖြစ်အောင်ဖန်တီးခြင်း
စာလုပ်နေတဲ့စားပွဲပေါ်မှာပဲဖြစ်ဖြစ် မျက်နှာမူထားတဲ့နံရံပေါ်မှာပဲဖြစ်ဖြစ် မိသားစုပုံလေးတွေ ခရီးသွားထားတဲ့ အမှတ်တရပုံလေးတွေ ထားထားခြင်းကလည်း စိတ်ကို တက်ကြွလန်းဆန်းစေပါတယ်။ ပြီးတော့ အရောင် တွေကလည်း အကူအညီဖြစ်ပါတယ်။ ဥပမာ. အပြာတို့ ခရမ်းတို့ အစိမ်းရောင်တို့က ပျင်းရိတဲ့စိတ်ကို ဖျောက်ဖျက်ပေးပါတယ်။ စာလုပ်ဖို့နေရာဖန်တီးတာက လေ့လာနေတာကို ပိုပြီးအကျိုးရှိပြီးထိရောက်စေဖို့ အတွက်ပါ။ အနုပညာလက်ရာဖန်တီးဖို့အတွက် မဟုတ်ပါဘူး ဒါကြောင့် နေရာပြင်ဆင်ဖို့အတွက် အချိန် တွေအများကြီး မကုန်ပါစေနဲ့။
READ -ပြည့်ဝစွာအိပ်စက်အနားယူရန်လိုအပ်သည့် ကျောင်းသားများ
ပစ္စည်းတွေကို အစီအစဉ်တကျထားခြင်း
ကိုယ်စာမလေ့လာခင်မှာ လိုအပ်တဲ့စာရွက်စာတမ်းတွေ၊ ပစ္စည်းတွေ၊ ပေတံတွေ၊နဲ့အခြားလိုအပ်တဲ့ အရာတွေကို ပတ်ဝန်းကျင်မှာ ထားပါ။ ဒါမှစာဖတ်နေတဲ့အချိန်မှာ ဘော့ပင်ရှာတာ၊ ပေတံရှာတာ၊ ဂဏန်းပေါင်းစက်ရှာတာ တွေနဲ့အချိန်မကုန်စေတော့ပါဘူး။ ပြီးတော့ နေ့စဉ်နေ့တိုင်း ကိုယ်စာလုပ်မယ့် စားပွဲမှာ ဒီလိုပြင်ဆင်ပြီး၊ စာလေ့လာတာနဲ့ပတ်သတ်ပြီးလိုတာတွေကို ကိုယ့်ဘေးက ပုံးထဲမှာဖြစ်ဖြစ် အကုန်စုထည့်ထားပါ။ ဒါမှ လိုက်ရှာနေတာနဲ့ အချိန်ကုန်တာမျိုး မဖြစ်တော့ပါဘူး။
သင့်ရဲဖုန်းကို မေ့ထားလိုက်ပါ။
ဖုန်းတွေက သတင်းအချက်အလက်တွေ နောက်ဆုံးဖြစ်ပေါ်နေတဲ့သတင်းတွေ ရယူဖို့အတွက် အကောင်း ဆုံးအရာပါ။ social media အသုံးပြုမှုကလည်း ကျယ်ပြန့်လာတဲ့အတွက် အချိန်တော်တော်များဟာ facebook အသုံးပြုရင်းနဲ့ ကုန်ဆုံးသွားပါတယ်။ ဒီလို စာလုပ်ရင်းဖုန်းနဲ့ အခြား ဒီဂျစ်တယ်ပစ္စည်းများကို သုံးစွဲခြင်းက စာကိုသေချာမရစေဘဲ၊ အာရုံကို မကြာခန ပြောင်းနေစေ ပါတယ်။ ဒီလိုဖြစ်ခြင်းက အချိန်ကုန်စေရုံတင်မကဘဲ၊ စာကိုလည်း သေချာနားမလည်ဖြစ်တတ်ပါတယ်။ ဒီတော့စာလေ့လာတော့မယ် ဆိုရင် အနှာင့်အယှက်ဖြစ်စေတဲ့ အရာတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ မထားပါနဲ့။ ပြီးတော့ဖုန်းနဲ့ အခြား iPods လိုပစ္စည်းတွေကို လက်လှမ်းမမှီရာမှာထားပါ။
READ - ကျောင်းသားများ စာလုပ်တဲ့အခါ နားချိန်ရအောင် ပြုလုပ်သင့်တဲ့ အချက်များ
ဂီတကိုနှစ်သက်တယ်ဆိုရင် ဒါနည်းလေးကိုစမ်းကြည့်ပါ။
သီချင်းသံတွေက လူတွေကို နည်းလမ်းအမျိုးမျိုးနဲ့ အကျိုးသက်ရောက်မှုဖြစ်စေပါတယ်။ ဂီတသံစဉ်တွေက စိတ်ကိုကြည်လင်စေပြီး အာရုံစူးစိုက်မှုပိုကောင်းစေပါတယ်။ သီချင်းနားထောင် ရင်းနဲ့စာလုပ်တာက တချို့ သူတွေကို စာပိုမှတ်မိစေပြီး တချို့ကြတော့ စာလေ့လာနေတာကို အနှောင့် အယှက်ဖြစ်စေပါတယ်။ လူပေါ်မူတည်ပြီးရလဒ်က ပြောင်းလဲသွားပါတယ်။
Source; villanovau