ဆင်ခြေပေးတဲ့ ပါးစပ် ထမင်းငတ်တတ်တယ်ဆိုတဲ့ စကားကို ကြားဖူးပါသလား။ ဒီစကားက အမှန်ပါပဲ။ ဆင်ခြေပေးခြင်းဟာ လူအများစုရဲ့ဘ၀ကို ထူးခြားတိုးတက်ပြောင်းလဲမလာအောင် လုပ်နိုင်ပါတယ်။
ဆင်ခြေတွေဟာ နှာခေါင်းတွေလိုပါပဲ။ လူတိုင်းမှာ ကိုယ်ပိုင်ဆင်ခြေတွေ၊ ကိုယ်ပိုင်အကြောင်းပြချက်တွေ ရှိကြပါတယ်။ ဒီဆင်ခြေတွေ ပေးမနေပဲ ကိုယ်ပိုင်အောင်မြင်မှုကို ရှာဖွေမှသာ စစ်မှန်တဲ့အောင်မြင်မှုကို ရရှိမှာပါ။ ဒါ့ကြောင့် လူအများစုကို အောင်မြင်မှုနဲ့ အလှမ်းဝေးနေစေတဲ့ ဆင်ခြေ(၇)ခုကို ဖော်ပြလိုက်ပါတယ်။ သင်ကိုယ်တိုင်ရော ဘယ်လိုဆင်ခြေတွေ ပေးပြီး ကိုယ်ပိုင်အောင်မြင်မှုကို ကိုယ်တိုင်ဟန့်တားနေမိလဲဆိုတာ သုံးသပ်ကြည့်လိုက်ပါ။
၁။ “ငါ့မှာ ပိုက်ဆံမရှိဘူး။”
ဒီဆင်ခြေကို အလွှာမျိုးစုံကနေကြားရလေ့ရှိပါတယ်။ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို စတင်ထူထောင်ချင်သူတစ်ယောက်ကနေ လုပ်ငန်းသစ်တိုးချဲ့ချင်တဲ့ လုပ်ငန်းရှင်အထိ ပြောလေ့ရှိတဲ့ ဆင်ခြေတစ်ခုဖြစ်ပါတယ်။ ဒီဆင်ခြေကို ကျော်ဖြတ်နိုင်သူတွေပဲ အောင်မြင်မှုကို ရရှိသွားကြတာဖြစ်ပါတယ်။ လိုအပ်တဲ့ ငွေကြေးရရှိဖို့ နည်းလမ်းတွေကို စဉ်းစားပါ။ ဘေးပေါက်အလုပ်လုပ်ပြီး ငွေစုပါ။ အသုံးစရိတ်တွေ လျှော့ချပါ။ ရင်းနှီးမြုပ်နှံသူတစ်ယောက်ရှာပါ။
Read More >>>>> အလုပ်နဲ့ပတ်သက်ပြီး စဉ်းစားသင့်တဲ့အချက်များ
၂။ “ငါ့မှာ အချိန်မရှိဘူး။”
လက်ရှိကမ္ဘာမှာ အောင်မြင်နေသူတွေလည်း တစ်နေ့မှာ ၂၄ နာရီသာ ရှိကြပါတယ်။ သင့်ရဲ့အချိန်တွေကို ဘယ်လို အသုံးပြုလဲဆိုတာ ဆန်းစစ်ပါ။ အချိန်မရှိဘူးဆိုတဲ့ အကြောင်းပြချက်ဟာ ကိုယ့်ကိုယ်ကိုယ် ပြန်လိမ်ညာနေမိတဲ့ ဆင်ခြေတစ်ခုဆိုတာ သိလာပါလိမ့်မယ်။ တကယ်တော့ လုပ်ချင်တာတစ်ခုကို လုပ်ဖို့အတွက် အချိန်မရှိဘူးဆိုတဲ့ဆင်ခြေပေးနေသူတွေဟာ တကယ်လုပ်ချင်စိတ်မရှိသူတွေသာ ဖြစ်ပါတယ်။
၃။ “အရင်က တစ်ခါမှမလုပ်ဖူးဘူး”
ဘ၀မှာ အရင်ကတစ်ကြိမ်တစ်ခါမှ မလုပ်ခဲ့ဖူးပေမယ့် အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့တဲ့အရာတွေ အများကြီးပါ။ လမ်းတစ်ခါမှ မလျှောက်ခဲ့ဖူးပေမယ့် လမ်းလျှောက်နိုင်အောင် ကြိုးစားခဲ့တယ်။ ကားတစ်ခါမှမမောင်းခဲ့ဖူးပေမယ့် လေ့လာသင်ယူပြီး မောင်းခဲ့တယ်။ ဒီလိုပါပဲ။ မိုင်ထောင်ချီဝေးတဲ့ ခရီးကို ခြေတစ်လှမ်းနဲ့ စရပါတယ်။ သင်လုပ်ရမှာက ဘာပဲဖြစ်ဖြစ် စတင်ကြိုးစားကြည့်ဖိုပဲ လိုတာပါ။
၎။ “အရည်အချင်းမရှိဘူး”
လုပ်ချင်တာတစ်ခုကို မလုပ်တတ်လို့လား။ လေ့လာသင်ယူပါ။ စာဖတ်ပါ။ အင်တာနက်မှာ ရှာဖွေပါ။ ဒီထက်ပိုပြီး မြန်မြန်ဆန်ဆန်တတ်မြောက်ချင်ရင် နည်းပြဆရာတစ်ယောက် ငှားပြီး သင်ယူပါ။ အသိအမှတ်ပြုလက်မှတ်တွေ၊ ဘွဲ့လက်မှတ်တွေရရှိမှ အရည်အချင်းတွေရှိတာမဟုတ်ပါဘူး။ လက်တွေ့အသုံးချနိုင်မယ့် ပညာတွေ၊ အရည်အချင်းတွေ ပိုင်ဆိုင်ထားရင်လည်း ဘ၀ကို အောင်မြင်စွာ တည်ဆောက်နိုင်ပါတယ်။
၅။ “အချိန်မကျသေးဘူး”
အကောင်းဆုံးအချိန် ဒါမှမဟုတ် အခြေအနေကို စောင့်နေတာထက် ဆိုးတဲ့အကြောင်းပြချက် မရှိပါဘူး။ အကောင်းဆုံး အချိန်ဆိုတာ လုံးဝမရှိလို့ပါပဲ။ အလုပ်တစ်ခု စတင်လုပ်ဆောင်ဖို့ အကောင်းဆုံးအချိန်ကို စောင့်နေတာဟာ ကမ်းနားမှာ ငါးမျှားချိတ်ကို ရေထဲမချပဲ ငါးတွေရောက်လာမယ့်အချိန်ကို ထိုင်စောင့်နေသလိုပါပဲ။ အောင်မြင်မှုကို ဘယ်တော့မှ ရရှိမှာမဟုတ်ပါဘူး။
၆။ “ဟိုလူက ပြောလို့၊ ဒီလူက ပြောလို့”
သင့်ရဲ့ သဘောထားတစ်ခုကို ကန့်ကွက်ဖို့က လူတွေရဲ့ ပင်ကိုယ်သဘာဝဖြစ်ပါတယ်။ အောင်မြင်နိုင်ချေရှိတဲ့ စိတ်ကူးတစ်ခုကို ဖွင့်ဟတိုင်ပင်လိုက်တာနဲ့ အလုပ်မဖြစ်နိုင်တဲ့ အကြောင်းရင်းတွေ၊ ဆုံးရှုံးနိုင်စရာအခြေအနေတွေကို ထောက်ပြဖို့ အဆင်သင့်ဖြစ်နေတတ်ကြပါတယ်။ ဘယ်သူကမှ သင်မြင်သလို မမြင်နိုင်သလို သင့်ကိုလည်း ယုံကြည်နိုင်ကြမှာ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်နေပါစေ၊ သင် စတင်လုပ်ဆောင်မယ့် အကြောင်းအရာ၊ အလုပ်တစ်ခုကို အောင်မြင်သည်အထိ လုပ်ဆောင်နိုင်မယ်ဆိုတာ ယုံကြည်လက်ခံရမယ့် လူတစ်ယောက်ပဲ ရှိပါတယ်။ အဲ့ဒီလူက သင်ကိုယ်တိုင်ပါပဲ။
၇။ “ငါ လုပ်မှာက အသစ်အဆန်းမဟုတ်ဘူး”
အကြံတူရင် နောက်လူသာစမြဲဆိုတဲ့ စကားရှိပါတယ်။ အခုလက်ရှိ လုပ်ငန်းတော်တော်များများကလည်း လုံးဝဆန်းသစ်နေတာမဟုတ်ပါဘူး။ Facebook ထက်အရင် MySpace က ပေါ်ခဲ့တာပါ။ အဓိကအချက်က အောင်မြင်ဖို့အတွက် လုံးဝဆန်းသစ်တဲ့အရာတစ်ခုကို စလုပ်စရာမလိုပါဘူး။ ရှိပြီးသားအရာတစ်ခုကို ပိုကောင်းအောင် လုပ်နိုင်ဖို့ပဲ လိုပါတယ်။
Source: Gentleman Magazine