Multitasking ၏ ကောင်းခြင်း၊ ဆိုးခြင်းများ
Digital Pioneer တွေဖြစ်တဲ့ ခုခေတ်လူငယ်အများစုက Multitasking သမားတွေဆိုတာ သင်သိပါသလား။ မရိုးနိုင်တဲ့စိန်ခေါ်မှုတွေများလာတဲ့အခါ လူငယ်တော်တော်များများက Multitasking နဲ့ ရင်းနှီးကျွမ်းဝင်လာကြပါတယ်။ ဒါကြောင့် Multitasking လုပ်ခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးတွေကို ဝေမျှလိုက်ပါတယ်။
ပထမဦးဆုံး Multitasking လုပ်ခြင်းရဲ့ကောင်းကျိုးကိုမျှဝေလိုပါတယ်။
(၁) သင့်ရဲ့စွမ်းဆောင်ရည် (Efficiency) နဲ့ လုပ်ကိုင်နိုင်စွမ်း/ ထုတ်လုပ်နိုင်စွမ်း (Productivity) ကို တိုးတက်စေပါတယ်။
Multitasking က သင့်ကိုအချိန်အနည်းငယ်အတွင်းမှာ လုပ်ငန်းတာဝန်တွေကို ပြီးဆုံးစေတာမို့ သင့်ရဲ့လုပ်နိုင်စွမ်းရည်ကို တိုးတက်စေပါတယ်။ လုပ်ငန်းကျွမ်းကျင်သူတစ်ယောက်က အလုပ်တစ်ခုကိုလုပ်ကိုင်နေစဉ်အတွင်းမှာ နောက်အလုပ်တစ်ခုကိုလည်းပြီးမြောက်အောင်ဆောင်ရွက်နိုင်တာကြောင့် Multitasking ကို ကောင်းကောင်းကိုင်တွယ်နိုင်လေသင့်ရဲ့ လုပ်ငန်းကျွမ်းကျင်မှုစွမ်းရည်မြင့်လာလေပါပဲ။
( ၂ ) ခံနိုင်ရည် (Resilience) ကို တိုးတက်စေပါတယ်။
အမှန်တကယ်မှာ Multitasking လုပ်ရတာ အရမ်းကို ခက်ခဲပါတယ်။ လူတစ်ဦးထဲက မတူညီတဲ့လုပ်ဆောင်ချက်တွေကို သေသေချာချာ အာရုံစိုက်ရပါတယ်။ ဒီလိုအာရုံစိုက်ချင်းက စိတ်ပိုင်းဆိုင်ရာကို ပိုမိုကောင်းမွန်လာအောင် အကူအညီပေးပါတယ်။ ထိုအတူ အာရုံစူးစိုက်မှုနဲ့ပြောင်းလဲစဉ်းစားနိုင်စွမ်းက တနည်းအားဖြင့် ခံနိုင်ရည်ရှိမှုကို တိုးတက်အောင် ကူညီလုပ်ဆောင်ပေးပါတယ်။
( ၃ ) လိုက်လျောညီထွေလုပ်ကိုင်နိုင်စွမ်း( Flexibility and Adaptability) မြင့်လာပါမယ်။
တာဝန်တစ်ခုကနေ နောက်တစ်ခုကို ပြောင်းလုပ်ရတဲ့အလုပ်ကထင်သလောက်မလွယ်ကူပါဘူး။ ဒီလို တာဝန်တစ်ခုကနေ နောက်တစ်ခုကို လုပ်ဆောင်ရခြင်းက သင့်ရဲ့ လိုက်လျောညီထွေနိုင်စွမ်း ကိုမြှင့်တင်ပေးပါတယ်။
ကဲ ဒါဆို ဆိုးကျိုးတွေက ဘာတွေဖြစ်မလဲ။
( ၁ ) ကွာလတီ ( Quality ) ကျစေပါတယ်။
Work done( အလုပ်ပြီးမြောက်ခြင်း ) တော့ဖြစ်ပေမယ့် Quality တော့ကျသွားနိုင်ပါတယ်။ Multitasking သမားတော်တော်များများ က အလုပ်ပြီးမြောက်ဖို့ကိုဦးတည်ကြရပါတယ်။ ဘာလို့ဆို ဟိုဟာတန်းလှန်း၊ ဒီဟာတန်းလှန်း နဲ့ ဘာမှမပြီးတဲ့အခါ သူတို့ရဲ့ Efficiency ပါ ကျနိုင်တာမို့ပါ။
( ၂ ) အာရုံပြန့်ခြင်း(Distraction) နဲ့ရင်းနှီးသွားပါတယ်။
အလုပ်တစ်ခု၊တစ်ခုကနှစ်ခု၊နှစ်ခုကသုံးခု များသွားတဲ့အခါ အာရုံတွေက ဟိုဟိုဒီဒီပြန့်နေရပါတယ်။ ဒီတော့ Multitasking အမြဲလုပ်နေတဲ့သူက အမြဲအာရုံတွေထွေပြားနေတတ်ပြီး တကယ့်အာရုံစိုက်ရမယ့်အလုပ်တွေနဲ့ဆို အဆင်မပြေတတ်ကြတာဖြစ်တတ်ပါတယ်။
( ၃ ) အဓိက နဲ့ သာမည(Priority) ကိုမခွဲတတ်တော့ပါဘူး။
သူတို့မှာ Priority ထားနိုင်စွမ်းတွေလျော့ကျလာတတ်ပါတယ်။ ဘာလို့ဆို သူတို့ကဒါပြီးရင်ဒါလုပ်မယ် ဒါကအရေးကြီးတယ် ဆိုတာတွေ တွေးတောချိန်မရဘဲ အလျဉ်းသင့်သလိုလုပ်ကြရတာဖြစ်တာကြောင့်ပါ။
ဒီအချက်တွေကတော့ Multitasking လုပ်ခြင်းရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေဖြစ်ပါတယ်။ သင်က Multitasker တစ်ယောက်ဆိုရင်တော့ ဒီအချက်လေးတွေ ဖတ်ပြီး အကောင်းအဆိုးမျှအောင်သတိထားဆင်ခြင်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။