ဟုတ်ကဲ့ လက်ထဲက အခွင့်အရေးဆိုတာ ဘာကိုပြောချင်တာလဲဆိုတော့ ကိုယ့်ဖုန်းလေးကို ပြောချင်တာပါ။ ဖုန်းလေးတစ်လုံးရှိရုံနဲ့ ဒီခေတ်ကြီးမှာ ဖြစ်နိုင်တာတွေမှ အများကြီးပါပဲ။
ဒါတွေထဲကမှ သင်ယူမှုနဲ့ ပက်သက်ပြီး နည်းနည်းလေး ဆွေးနွေးကြည့်ချင်ပါတယ်နော်။ ဒီရန်ကုန်ကြီးလိုမြို့ကြီးတွေမှာတော့ သင်တန်းတွေများတယ်၊ ကျောင်းတွေများတယ်၊ သင်ချင်တာ ဘာမဆို လွယ်လွယ်ကူကူ သင်လို့ရတယ်။ ဆရာကောင်းတွေလည်း အများကြီးပဲလေ။ ဒါပေမယ့် တစ်ချို့သော နေရာတွေမှာတော့ ဒီလိုမဟုတ်ဘူး ကျောင်းကောင်းကောင်း မရှိဘူး၊ သင်တန်းတွေသိပ်မရှိဘူး၊ ဆရာကောင်းတွေလည်း နည်းတယ် ဆိုတော့ သင်ယူမှုအပိုင်း သိပ်အားနည်းကြတယ်။
ဒါပေမယ့် တစ်ခုကောင်းတာက အခုခေတ်မှာ လူတိုင်းနီးပါးပေါ့ လက်ထဲမှာ ဖုန်းတစ်လုံးတော့ ရှိကြတာပဲမို့လား။ ဒီဖုန်းလေးတစ်လုံးက ကိုယ့်ကို ရေတွက်လို့တောင်မရနိုင်တဲ့ အသိပညာတွေ၊ ဗဟုသုတတွေ၊ သင်ယူမှုအသစ်တွေ အများကြီးပေးနိုင်တယ် ဆိုရင်ရော ယုံကြမလား။
ဒါအမှန်ပါပဲ ဒီဖုန်းလေးတစ်လုံးနဲ့ အခွင့်အရေးတွေ အများကြီး ဖန်တီးလို့ရပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ တစ်ခုစိတ်မကောင်းစရာက လူငယ်လေးတွေ ဒါကိုဘယ်လိုအသုံးချရမလဲ မသိကြတာပါပဲ။ တစ်ချို့သိတဲ့သူတွေတော့ ရှိတယ် ဘာတွေ ဘယ်လောက်ထိသင်လို့ရလဲ၊ ဘယ်လောက်အသုံးဝင်လဲ ကောင်းကောင်းသိတဲ့သူတွေလည်း ရှိပေမယ့် မလုပ်ကြတာပါ။
တကယ်ပါ မြန်မာနိုင်ငံလူငယ်လေးတွေတစ်ချို့ အားနည်းချက်က ပျင်းတာပါ။ အတိုင်းအဆမဲ့သင်ယူလို့ရတဲ့ အရင်းအမြစ်ကြီးတစ်ခုလုံး ကိုယ့်လက်ထဲမှာ ရှိနေတာတောင် လေ့လာမှု၊ စူးစမ်းမှုတွေ မလုပ်ကြဘူးလေ။ တိုးတက်ချင်တယ်ဆိုရင် ပျင်းတာလေးကို ဘေးဖယ်တတ်ဖို့ လိုပါတယ်နော်။
ဒါဆို ဒီဖုန်းနဲ့ဘာလုပ်လို့ရလဲ ဘယ်လိုအခွင့်အရေးတွေ ဖန်တီးလို့ရလဲ။ ဖုန်းရှိမှတော့ အားလုံး internet သုံးကြတယ်မို့လား။ ဒါဆိုရင် တစ်ခုမေးကြည့်ရအောင် internet ဖွင့်လိုက်ပြီးရင် Facebook သုံးသလား ဒါမှမဟုတ် google ကော သုံးဖြစ်လား။ ဒီ Google ဆိုတာလေးက အများကြီးလုပ်နိုင်ပါတယ်နော်။
Google ထဲမှာ သတင်းအချက်အလက်အမျိုးမျိုး စီးပွားရေးအကြောင်းလား၊ နည်းပညာအကြောင်းလား၊ Photoshop လေ့လာချင်လား၊ ဘာသာစကားလေ့လာချင်လား အကုန်လုံး ရှိပါတယ် ကိုယ်လေ့လာချင်တာ၊ သိချင်တာအကုန်ပေါ့။ တစ်ခုတော့ရှိတယ် အကုန်လုံးက English လိုဆိုတော့ ဒါလေးကအခက်အခဲတစ်ခုပေါ့။ ဒါပေမယ့် တကယ်သိချင်တယ် လေ့လာချင်တယ်ဆို English စာလေ့လာပေါ့။ အဲ့ဒီ Google ကနေပဲ English ကိုဘယ်လိုလေ့လာရမလဲ ဆိုတာတွေ ရှိပါတယ် အလွယ်လေ့လာတဲ့နည်းတွေ အစုံပေါ့။ တစ်ချို့က ရိုးရှင်းတဲ့စကားလုံးလေးတွေပဲ သုံးထားတာမို့လို့ နားလည်ကလွယ်ပါတယ်။
အကုန် English လိုဆိုပြီး လက်မလျှော့လိုက်ပါနဲ့ဦး ဘယ်လိုပဲဖြစ်ဖြစ် တခြားဟာတွေ လေ့လာရင်း ကိုယ့်ရဲ့ English စကေးကိုလည်း မြှင့်လို့ရတာပေါ့။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲလေ။ အင်း အလုပ်တော့ ရှုပ်မှာပါ ပြီးတော့ ကိုယ်က English လိုသိပ်မရတာမို့ လေ့လာရလည်း ပိုခက်မှာပါ။ တန်ဖိုးရှိတာလိုချင်ရင် တန်ဖိုးကြီးကြီးတော့ ပေးဆပ်ရမှာပေါ့။ ပျင်းနေရင်တော့ ကျန်ခဲ့မှာပဲလေ။
Google မှာလေ့လာလို့ရတာအပြင် အခုခေတ်မှာတော့ Online Course တွေပါ တော်တော်လေး များနေပါပြီ။ ဈေးကို အထွန့်မတက်ချင်နဲ့နော် Free Class တွေအများကြီးပါ။ တစ်ချို့တွေ online course တက် online ကနေပဲ သင်ယူပြီး ကိုယ့်အရည်အချင်းကို မြှင့်တင်နေတဲ့သူတွေ အများကြီးပါနော်။ ပြောကြပါလိမ့်မယ် online ကနေဆို ကောင်းကောင်းဂရုမစိုက်နိုင်ဘူး အပြင်မှာသင်တာ ပိုထိရောက်တယ် ဘာညာပေါ့။
မှန်ပါတယ် လက်တွေ့နဲ့ online ကတော့ ဘယ်တူလိမ့်မလဲ။ ဒါပေမယ့် မိုးရေကို ခွက်ကြီးကြီးနဲ့ခံတဲ့သူက များများရမှာပဲ၊ ခွက်သေးသေးလေးနဲ့ပဲ ခံတယ်ဆိုရင် နည်းနည်းပဲ ရမှာပေါ့ ဒါကတော့ ကိုယ်ဘယ်လောက် ယူလဲဆိုတဲ့အပေါ်ပဲ မူတည်တာပါ။ Online ဆိုတော့ ထိရောက်မှုမရှိဘူးဆိုတဲ့ မဆီမဆိုင် အကြောင်းပြချက်တွေနဲ့ ကိုယ်ပျင်းတာကို လိမ်ဖို့မကြိုးစားပါနဲ့နော်။ ကိုယ်ပဲမရဘူးဖြစ်သွားမှာပါ။
Facebook မှာလည်း လေ့လာစရာတွေ ရှိလာတာတော့ အမှန်ပါပဲ။ ဒါပေမယ့် Google တို့လိုမျိုးတွေက ပိုပြီးပြည့်စုံမှု ရှိပါတယ်။ ကိုယ်သိချင်တာ လေ့လာချင်တာ ဘာမဆို Google၊ YouTube တို့မှာ ရှာကြည့်ပါ။ YouTube မှာဆိုရင် စာတွေ့တစ်ခုတည်း မဟုတ်ပါဘူး လက်တွေ့ကို သေချာစနစ်တကျ ရှင်းပြပေးထားတာတွေ အများကြီးရှိပါတယ်။ လက်တွေ့လုပ်ပြတာဆိုတော့ ပိုနားလည်တာပေါ့။
Read More >>>>> ဖတ်ထားသမျှစာတွေ မှတ်မိနေစေမယ့် နည်းလမ်းများ
ဒီလိုမျိုးလေးတွေ ရှာဖွေလေ့လာတာက NF ပွတ်နေတာထက်စာရင်တော့ ပိုအကျိုးရှိပါတယ်နော်။ ချိချိတို့ ဘဲဘဲတို့နဲ့ ပြောနေရင်တော့ တစ်မျိုးပေါ့လေ ဒီလိုဆို ကိုယ့်ဘာသာ အချိန်လေးတွေ ခွဲထားပေါ့နော်? လူတွေက တကယ်ဖြစ်ချင်ရင် တကယ်လိုချင်ရင် မရရအောင် ယူတတ်ကြတယ်တဲ့ ဒီစကားမှန်တယ်ဆိုတာ ကျွန်တော်ယုံပါတယ်။
ဒီလိုပါပဲ တကယ်တိုးတက်ချင်ရင် ကိုယ့်အရည်အချင်းကို မြှင့်ချင်ရင် ကိုယ့်ဘက်က ကြိုးကြိုးစားစား ဖြစ်နိုင်သမျှနည်းလမ်းနဲ့ သင်ယူလေ့လာရမှာပါပဲ။ အားလုံးက ကိုယ်ဘာလုပ်လဲဆိုတဲ့အပေါ်ပဲ မူတည်တာပါနော်။ ကိုယ့်ဘက်က အစွမ်းကုန် ကြိုးစားဖို့ပဲ လိုတာပါ။
ကဲ ဒီလောက်ဆို ကိုယ့်လက်ထဲက မဟာအခွင့်အရေးကြီးကို သိကြပြီဟုတ်။ အခုကစပြီး သေချာပေါက် ကြိုးစားကြတော့မယ်ဆိုတာ ယုံတယ်နော်။ အားလုံးပဲ ကိုယ့်လက်နဲ့ ကိုယ့်လမ်း ဖောက်နိုင်ကြပါစေ။
Source: LiveTheDream