ဘော်ဘော်တို့ရော ဒိုင်ယာရီ ရေးကျင့်ရှိကြလားဟင်.. ဒိုင်ယာရီရေးတတ်သူတွေမှာ ဆိုရင် ဒီလို အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်တဲ့နော်… ။
ကိုယ့်ဘော်ဒါကြီးတွေ ဒိုင်ယာရီရေးတာ ဝါသနာပါကြလား။ အဲ့လို ဒိုင်ယာရီရေးတာ အကျင့်တစ်ခုရှိတဲ့ သူငယ်ချင်းတွေ ဂုဏ်ယူပါတယ်နော်...။ ဒီလိုရေးခြင်းက ဘယ်လို ကောင်းကျိုးတွေဖြစ်မယ်ထင်လဲ။ ဖတ်ကြည့်ရအောင်။
(၁) ကိုယ့်အတွက် ထူးခြားတဲ့အရာလေးတွေ ဘာကိုမဆို မှတ်တမ်းတင်ပြီးသားဖြစ်ခြင်း။
ပွဲတစ်ခုသွားတယ်၊ အမှတ်တရတစ်ခုခု ကျန်ရစ်ခဲ့အောင် လူတွေ ဓာတ်ပုံရိုက်ကြသလိုပေါ့။ ဒိုင်ယာရီက ကိုယ့်အတွက်တော့ မှတ်တမ်းလေး တစ်ခုပါပဲ။ ကိုယ့်အတွက် ထူးခြားခဲ့တာလေးတွေ၊ ပျော်ရွှင်ခဲ့တာလေးတွေ၊ ရင်ခုန်ခဲ့ တာလေးတွေလေးတွေကို ရေးထားတော့ နောင်တစ်ချိန်ပြန်ဖတ်တဲ့အခါ ရင်ခုန်ကြည်နူးမိတာပေါ့လေ။
(၂) အရေးအသားစွမ်းရည်တွေ တိုးတက်လာခြင်း။
ဘော်ဘော်တို့ရဲ့ မသိစိတ်ထဲက ရည်မှန်းချက်က စာရေးဆရာဖြစ်ချင်တာလား။ ဒါဆိုရင် ဒိုင်ယာရီရေးတတ်တဲ့ အကျင့်က ရှိကို ရှိရပါမယ်နော်။ ဂန္တဝင်ဝတ္ထုရှည်ကြီးတွေကို ပထမဆုံးအကြိမ်အဖြစ်ရေးပြီး ထပေါက်သွားတဲ့ စာရေးဆရာရယ်လို့ မရှိပါဘူးနော်။ အားလုံးက ဝလုံးကနေ စကြရတာပါပဲ။ ဒိုင်ယာရီလေးတွေ များများရေးပြီး အရေးစွမ်းရည်ကို တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်အောင် ကျင့်ယူလို့ရနိုင်ပါတယ်။
(၃) ဘာသာစကားစွမ်းရည် တိုးတက်လာခြင်း။
ဘာသာစကားစွမ်းရည် တိုးတက်လာမယ်ဆိုရင်ရော ယုံမလား။ ဒိုင်ယာရီိကို မြန်မာလိုမရေးဘဲ အင်္ဂလိပ်လိုရေးမှာလား၊ ဒါဆို အင်္ဂလိပ်စာ စကေးက တိုးတက်လာမှာ ကျိန်းသေပဲ။ စစရေးချင်းမှာတော့ အမှားတွေ ဗလပွဖြစ်နေမှာပါပဲ။ ဒါပေမဲ့ ကြာလေကြာလေ အမှားတွေ နည်းလာမှာပါ။ ဒိုင်ယာရီရေးခြင်းက ဘာသာစကားတစ်မျိုးကို လေ့ကျင့်ခြင်းတစ်ခုပဲပေါ့။
(၄) မှတ်ဉာဏ်စွမ်းရည်နဲ့ နားလည်နိုင်စွမ်း တိုးမြင့်လာခြင်း။
ဒိုင်ယာရီရေးပါတယ်ဆိုမှ တစ်နေ့တာမှာ ကိုယ်ကြုံတွေ့ခဲ့ရသမျှကို အစဖော်ပြီး ပြန်ရေးတာပဲမဟုတ်လား။ ကိုယ်က ဒီနေ့မှာ ဘယ်လိုအရာတွေနဲ့ ကြုံတွေ့ခဲ့တယ်၊ ဘယ်လို စပယ်ရှယ်အဖြစ်လေးတွေ ဖြစ်ပျက်ခဲ့လဲဆိုတာ ကိုယ့်ရဲ့ ဦးနှောက်ကို ပြန်နွှေးပြီး ကိုယ်တတ်သိနားလည်သလို ချရေးတာပဲလေ။ ဒါက ဦးနှောက်လေ့ကျင့်ခန်းတစ်ခုပါပဲတဲ့။
(၅) ရည်မှန်းချက်တွေကို ဖြစ်မြောက်စေတယ်။
ဒိုင်ယာရီရေးပြီဆိုကတည်းက ကိုယ့်ရဲ့ မပြီးမြောက်သေးတဲ့၊ အကောင်အထည်ဖော်နေဆဲ ရည်မှန်းချက်လေးတွေ၊ အိပ်မက်လေးတွေက မပါမဖြစ်ပါမှာပဲလေ။ ဟုတ်တယ်ဟုတ်။ ဒီလို ရေးနေခြင်းက ကိုယ့်မှာ အိပ်မက်ရှိနေပါလား၊ ဒီရည်မှန်းချက်ကို
အကောင်အထည်ဖော်ရဦးမှာပါလား ဆိုတဲ့ အသိတွေနဲ့ ဦးနှောက်ကို မကြာခဏ လှုံ့ဆော်ပေးပါတယ်တဲ့။ ဒိုင်ယာရီရေးသူအများစုက လက်တွေ့မှာ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ကြပါတယ်တဲ့။
source: Windy ( For Her Myanmar )