ဒီစကားဟာ တခုခုလုပ်ဖို့ကို အချိန်ဆွဲတတ်သူတွေအဖို့တော့ ရန်သူကြီးတစ်ယောက်ကို တွေ့ရသလိုပဲ ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်ယူထားတဲ့တာဝန် လုပ်ငန်းဆောင်တာတွေကို အော်...အချိန်မှီပါသေးတယ်ဆိုတဲ့ မခိုင်လုံတဲ့ အကြောင်းပြချက်လေးတစ်ခုနဲ့ နေ့ရွှေ့ညရွှေ့ ရွှေ့ဆိုင်းတတ်ကြတယ်။
တကယ်တော့ ဒီနေရာမှာ ဘာကိုတော့လုပ်ကိုလုပ်မှရမယ် ဘာကတော့ အချိန်ရှိသေးတယ် ဘာကတော့လုံးဝလုပ်ဖို့မလိုသေးဘူး စသည်ဖြင့် ကွဲကွဲပြားပြားသိရင်တော့ ဒါမျိုးဖြစ်လာစရာအကြောင်းမရှိပါဘူး။ လုပ်စရာရှိတာကို ချက်ချင်းလုပ်တဲ့သူက ပြဿနာရှိရင် ချက်ချင်းသိနိုင်တယ် မြန်မြန်ပြီးတယ် လုပ်ငန်းခွင်ထဲမှာလဲ တခြားသူတွေထက် နှာတစ်ဖျားသာတယ်ပေါ့။
တကယ်တော့ အချိန်ဆွဲတတ်တဲ့အလေ့အကျင့်ရဲ့အကျိုးဆက်ကို ပထမဆုံးခံရမှာကတော့ အချိန်ဆွဲတတ်သူ ကိုယ်ကိုယ်တိုင်ပါပဲ။လူတွေက သူနဲ့အလုပ်လုပ်ရတာ အရမ်းကြာတယ်ဆိုတာမျိုးပဲ ကိုယ်ရမှာပါ။ ကောင်းသော ကျော်ဇောခြင်းမျိုးတော့ မဟုတ်ပါဘူး။ ဒီလိုလူမျိုးတွေက ဘယ်အရာနဲ့မှ ပြန်အစားထိုးလဲလှယ်လို့ မရနိုင်တော့တဲ့ ကိုယ့်ရဲ့ အဖိုးတန်အချိန်တွေကို ရပါသေးတယ်။ အချိန်မှီပါသေးတယ်ဆိုတဲ့ ခေါင်းစဉ်လေးအောက်မှာ မြေမြှုပ်ပစ်လိုက်ကြတာပါ။ တစ်ခုခုကို ချက်ချင်းလုပ်တာနဲ့ အချိန်ဆွဲတတ်တာရဲ့ ခြားနားချက်က ကိုယ့်ကို တစ်နေရာကနေ တစ်နေရာရောက်သွားစေတာပါပဲ။ ကိုယ်ဘယ်နေရာရောက်မလဲ ဆိုတာကတော့ ကိုယ့်ရွေးချယ်မှုအပေါ်မှာပဲ မူတည်ပါတယ်။
လူတိုင်းရဲ့ နေ့စဉ်ဘဝမှာ လုပ်စရာတွေတော်တော်များများရှိနေမှာတော့ မလွဲပါဘူး။ တကယ်တော့ သင်္ချာသဘောနဲ့ကြည့်ရင် ဒါကပေးထားချက်ပါ။ ဒီပေးထားချက်ကို ကိုယ့်မှာရှိတဲ့အချိန်ကို အသုံးချပြီး ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာကတော့ ကိုယ့်ရဲ့ဖြေရှင်းချက်ပါ။ ဒီဖြေရှင်းချက်အပေါ်မူတည်ပြီး အဖြေကအမျိုးမျိုးထွက်လာတာပါ။ ကောင်းတယ်ဆိုးတယ်ဆိုတာ တကယ်တော့ ကိုယ့်လုပ်ရပ်ပါပဲ။ မြန်မာစကားပုံတောင်ရှိပါသေးတယ် သေတာကလွဲရင် စောတာ အကုန်ကောင်းတယ် ဆိုတာမျိုးပါ။ ဒီစကားပုံဟာ လုပ်စရာရှိတာ မြန်မြန်လုပ်ပြီး ပြင်စရာရှိတာမြန်မြန်ပြင်နိုင်ဖို့ကို ရည်ညွှန်းခဲ့ဟန် တူပါတယ်။
Recommended for you - ကျောင်းသား/သူများ လုပ်အားပေးဆက်သွယ်ရေးအရာရှိ လျှောက်ထားနိုင်
ဒါပေမယ့် ဒီနေရာမှာ မြန်ဖို့လိုတာမှန်ပေမယ့် မှန်ဖို့ကိုလည်း မေ့ထားလို့တော့ မရပါဘူး။ တကယ်တော့ မြန်ပေမယ့် မမှန်ရင် မမြန်တဲ့သဘောပါပဲ။ ဒါပေမယ့် မမြန်တဲ့လူထက်တော့ အမှားတွေကို မြန်မြန်ပြင်ဆင်ခွင့် ရမှာပါ။ ဒါဟာ လုပ်စရာရှိတာကို ချက်ချင်းလုပ်တတ်သူတွေရရှိမယ့် လက်ငင်းအကျိုးတစ်ခုပါပဲ။ လုပ်ငန်းခွင်ထဲမှာလဲ ဒီလိုပါပဲ။ တစ်ခုခုကို မြန်မြန်နဲ့ မှန်အောင်လုပ်နိုင်သူက တခြားသူတွေထက် ရှေ့ရောက်တာမြန်တာပဲ။
ပြီးတော့ အချိန်ဆွဲတတ်တဲ့ အလေ့အကျင့်ရှိသူတွေကိုလည်း ဘယ်လုပ်ငန်းရှင် ဘယ်လူကြီးမှ ကြိုက်ကြမှာမဟုတ်ပါဘူး။လုပ်ငန်းရှင်တွေ လူကြီးတွေရဲ့ သဘောသဘာဝက သူတို့ကိုယ်တိုင်သာ အချိန်ဆွဲချင်ဆွဲလိမ့်မယ်။ သူ့လူတွေကိုတော့ မြန်မြန်လုပ်ပြီး မြန်မြန်ပြီးတာကိုပဲ ကြိုက်ကြတာပါ။
ဒါတွေပြောလို့ သူဌေးကြိုက်ပဲ လိုက်လုပ်ပေးရမှာလားလို့ မေးစရာရှိပါတယ်။ ကိုယ့်အတွက်လုပ်တာဆိုရင်တော့ ကိုယ်ကြိုက်တာကိုယ်လုပ်လဲ အဆင်ပြေပါတယ်။ ဒါပေမယ့် လုပ်ငန်းအတွက်ဆိုရင်တော့ လုပ်ငန်းရှင်ကြိုက်တာကို လုပ်ပေးတာက နှစ်ဦးနှစ်ဖက် ပိုပြီးအဆင်ပြေစေမှာပါ။
တကယ်လို့ ကိုယ်ကအချိန်ဆွဲတတ်သူ ကိုယ့်အထက်လူကြီးက မြန်မြန်ဆန်ဆန်လုပ်တတ်သူဆိုရင်တော့ သင်လဲ ဒီအခက်အခဲကို နားလည်ပြီးသားဖြစ်နေမှာပါ။ ဒီတော့လုပ်စရာရှိတာကို မြန်မြန်လုပ်လိုက်ပါ။ အချိန်ဆွဲတဲ့ အလေ့အကျင့်ကို အမှိုက်ပုံးထဲ ထည့်လိုက်ပါ။ လက်တကမ်းမှာ ဆုလာဒ်တွေက သင့်ကိုစောင့်ကြိုနေပါတယ်။ ဒါပေမယ့် မြန်မြန်လုပ်ဖို့တော့လိုပါလိမ့်မယ်။ အားလုံးအဆင်ပြေကြပါစေ…
Recommended for you - Myanmar Imperial College ရဲ့တည်ထောင်သူ ဒေါ်ပို့ပို့ကြည်အကြောင်းနှင့် လူငယ်များအတွက် အကြံပြုချက် ၁၅ ချက်
Recommended for you - ရုရှားနိုင်ငံမှပို့ချသော သင်တန်းဝက်ဘ်ဆိုက်လိပ်စာများ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ထား
Credit; Inc