ယနေ့ ခေတ်မှာ ကိုယ့်မိခင်ဘာသာစကားအပြင် အခြားဘာသာစကားတစ်ခုခုတော့ အနည်းဆုံးတတ်မြောက်ထားသင့်ပါတယ်။
(၁) သင့်ကို စိတ်ဝင်စားမှု/ ဝါသနာတစ်ခု ထပ်ပြီးတိုးပွားစေပါတယ်။
သင့်ရဲ့ နေ့စဉ်ပုံမှန်လုပ်နေကြ အရာတွေကနေ ခွဲထွက်ပြီး အကြောင်းအရာအသစ်တစ်ခုကိုပြုလုပ်ချင်တယ်ဆိုရင် နိုင်ငံခြားဘာသာစကား တစ်ခုကို စတင်သင်ယူကြည့်ပါ။ တစ်နေ့ကို နှစ်နာရီ/ သုံးနာရီခန့်သာ အချိန်ပေးလိုက်ရုံနဲ့ ၎င်းဟာ သင့်အတွက် ထူးခြားပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ ဝါသနာအသစ်တစ်ခု ဖြစ်လာမှာသေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုဘာသာစကားဟာ သင့်အတွက် စိတ်ဝင်စားစရာတွေ အသစ်အသစ်သောအရာတွေကို သယ်ဆောင်ပေးလာမှာ သေချာလို့ပါပဲ။
(၂) သင့်အတွက်မထင်မှတ်ထားတဲ့ အံ့အားသင့်စရာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလာစေပါတယ်။
သင်လေ့လာဖို့ရွေးချယ်လိုက်တဲ့ ဘာသာစကားဟာ သင့်ပတ်ဝန်းကျင်မှာ သင်ယူသူ နည်းပါးရင်တော့ ဒါဟာသင့်အတွက် အခွင့်အရေးကောင်းတစ်ခုပါပဲ။ ကုမ္ပဏီလုပ်ငန်းတစ်ခုက ထိုဘာသာစကားကို တတ်မြောက်တဲ့သူ အလိုရှိလာပါက သေချာပါပြီ။ သင်ဟာ ဒီအလုပ်အကိုင် အခွင့်အလမ်းကို ရရှိဖို့သေချာသလောက် ရှိပါတယ်။
(၃) သင့်ရဲ့ချစ်သူကို ပျော်ရွှင်စေပါတယ်။
တကယ်လို့ သင့်ချစ်သူဟာ သင်နဲ့ နိုင်ငံတူ လူမျိုးတူမဟုတ်ရင်တော့ သင်ဟာ သူ့ရဲ့မိခင်ဘာသာစကားကို သင်ယူထားသင့်ပါတယ်။ သူ့ရဲ့မိခင်ဘာသာစကားကို အချိန်ပေး အပင်ပန်းခံပြီး သင်ယူထားခြင်းဟာ သင် သူ့အပေါ်အလွန်ချစ်ကြောင်း ပြသတာနဲ့အတူတူပါပဲ။ ဒါဟာ သင်တို့ရဲ့ အချစ်ရေးကို ပိုပြီးတော့ခိုင်မာစေမှာပါ။
(၄) ကမ္ဘာပတ်ပြီး ခရီးထွက်နိုင်ပါတယ်။
သင်လေ့လာတဲ့ ဘာသာစကားဟာ အင်္ဂလိပ်ဘာသာကဲ့သို့ နိုင်ငံအများစုက လက်ခံကျင့်သုံးပြောဆိုတဲ့ ဘာသာစကားဖြစ်တယ်ဆိုရင်တော့ သင့်အနေနဲ့ အလွယ်တကူ ကမ္ဘာပတ်ပြီး ခရီးထွက်နိုင်ပါတယ်။ တချို့သော ကမ္ဘာလှည့်ခရီးသွားတွေဟာ ရောက်လေရာအရပ်မှာ အလုပ်ခဏတာဝင်လုပ်ပြီး ၎င်းကရတဲ့ပိုက်ဆံနဲ့ အခြားနိုင်ငံ နိုင်ငံကိုထပ်ပြီး ခရီးထွက်လည်ပတ်ကြပါတယ်။
သူတို့ဟာ ထိုနည်းအတိုင်းပဲ ကမ္ဘာပတ်နေကြတာပါ။ သင်ဟာလည်း အနှောင်အဖွဲ့တွေကနေ လွတ်ကင်းစွာ တစ်ယောက်တည်းလှည့်လည် ကမ္ဘာပတ်ချင်တဲ့စိတ်ရှိရင်တော့ နိုင်ငံတကာသုံး ဘာသာစကားတစ်ခုကို သင်ယူထားသင့်ပါတယ်။
(၅) အခြားသူတွေထက်ပိုသာတဲ့ အလုပ်အကိုင်တွေရရှိနိုင်ပါတယ်။
နိုင်ငံခြား ဘာသာစကားတွေ တတ်မြောက်ထားခြင်းဟာ သင့် CV မှာ မျက်နှာပန်းလှစေပါတယ်။ ဒါ့အပြင် သင်အလုပ်လျှောက်လိုက်တဲ့ ကုမ္ပဏီ(သို့) ဋ္ဌာနဆိုင်ရာဟာ နိုင်ငံတကာနဲ့ ဆက်စပ်လုပ်ကိုင်ရတာဆိုရင်တော့ နိုင်ငံခြားဘာသာစကားတွေ လေ့လာထားတဲ့ သင့်အတွက် အံကိုက်ပါပဲ။ ဒါ့အပြင် ဘာသာပြန်၊ စကားပြန်နဲ့ ဧည့်လမ်းညွှန်ကဲ့သို့သော အလုပ်တွေဟာ နိုင်ငံခြားဘာသာစကား တတ်မြောက်ထား သူတွေနဲ့သာ သက်ဆိုင်တဲ့ အလုပ်အကိုင်တွေ ဖြစ်ပါတယ်။
source: lunge.media